ကွန်ဖြူးရှပ် ပြောသောစကား

📸 Britannica

တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သည် တစ်ညနေ၌ လမ်းလျှောက်ထွက်လာလေသည်။

လမ်းမှာ လူ ၂ ယောက်နဲ့တွေ့တဲ့အခါ ပထမလူက

“ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။ အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ ကောင်းရာကိုညွှန်ပြတတ်တယ်။ လူတွေက ခင်ဗျားဆို လေးစားကြတယ်။ ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ”

ဆိုပြီး ချီးကျူးတယ် တဲ့။

အဲဒီတော့ ကွန်ဖြူးရှပ် က ထိုလူကို ပြုံးပြီးကြည့်နေတယ်။ ဘာမှပြန်မပြောပေ။

အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက်က ဆက်ပြောပြန်ရော။

“ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ.. လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ။ တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။ အလကားပါဗျာ”

လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီလူကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေပြန်တယ်။ ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။

အဲဒီအဖြစ်အပျက် ကို အစအဆုံးမြင်လိုက်တဲ့ ငါးမျှားရာမှပြန်လာတဲ့ တံငါသည်တစ်ယောက်က… ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။

“ခင်ဗျား က ခင်ဗျား ကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ”

ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး

“သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ။ ငါ့ရဲ့ နဂိုမူလ အရည်အချင်း ကို ထိခိုက်မသွားဘူး။

ချီးမွမ်းတာကို မြှောက်နေလို့လဲ တိုးတက်လာမှာ မဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျ မသွားပါဘူး။

နေတတ်ဖို့ပဲ လိုပါတယ်။

တို့တွေ လူ့ဘဝ မှာနေတဲ့ ရည်ရွယ်ချက် က ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာ မဟုတ်ဘဲ။

တခြားသူ အထင်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ကိုယ်တတ်စွမ်းသလောက် ဘဝ နဲ့လောက အတွက် အကျိုးပြုနေဖို့သာ အဓိက ပါပဲ”

ဟု တံငါသည်အား ပြန်လည်ဖြေကြားလိုက်လေသည်။

Source: ကျော်ကြားသူတို့စကား via The Express Times