
(၁)။ “မာ အနုဿ ဝ”
တစ်ယောက် ယောက်က မင်းတို့ လာပြောတာ။
“အနုဿ ဝ” မှ “အနု” ဆိုတာ တစ်ဆင့်၊ “ ဿ ဝ” ဆိုတာ ကြားတာ (သို့မဟုတ်) တစ်ယောက်က လာပြီးပြောတဲ့ စကားကို “အနုဿ ဝ” လို့ခေါ်တယ်။
လောကမှာ တဆင့်စကား ဆိုတာတွေ နဲ့ လူတွေဟာ လက်ခံပြီး ယုံကြည်နေကြတာလေ၊ အရပ်ထဲမှာ ပိုဆိုးတာပေါ့။ “Gossip” ဆိုတာတွေလေ၊ ဟိုအိမ်ဒီအိမ် လည်ပြော၊ ဒီအိမ်က ဟိုအိမ် သွားပြော၊ ဟိုရပ်ကွက်က ဒီရပ်ကွက် သွားပြော၊ ဘာတဲ့ ညာတဲ့နဲ့ ဆိုတာ။ ဒါမျိုးတွေ အများကြီး ရှိတာပေါ့။ အကြောင်း အရာတစ်ခုခုကို လာပြီးပြောတာ။ အဲဒါကို “အနုဿ ဝ” လို့ခေါ်တယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဂျာနယ်ထဲပါတာ။ မဂ္ဂဇင်းထဲပါတာနဲ့ တစ်လောက တောင် ပါလာသေးတယ်။ သုံးပေရှိတဲ့ တောက်တဲ့ကြီးဆိုတာ။ တောက်တဲ့ သုံးပေ ရှိတာ မကြားဖူးဘူးနော်။ အဲဒီတော့ ဒါကြောင့်မို့ “အနုဿ ဝ” ကို အင်္ဂလိပ်လို ပြန်တဲ့ အခါ report လို့ ပြန်တယ်။ တစ်စုံတစ်ယောက်ကနေ ကိုယ့်ကိုလာပြီး report လုပ်တယ်။ သတင်းပေးတယ်။ အဲဒါနဲ့လည်း အမှန်လို့ မဆုံးဖြတ်နဲ့တဲ့။ မြတ်စွာဘုရားက report တွေကို အမှန်မယူနဲ့။ ဂျာနယ်ထဲပါတယ်၊ သတင်းစာထဲပါတယ်။ ဟိုထဲ ပါတယ်၊ ဒီထဲပါတယ်။ ဟိုလူကပြောသွားတယ်၊ ဒီလူကပြောသွားတယ်။ အမှန် မယူနဲ့တဲ့၊ ဒီလိုဆိုလိုတယ်။ ဘာဖြစ်လို့တုန်းဆိုရင် မှန်တာလည်း ရှိချင်ရှိမယ်၊ မှားတာလည်းရှိချင်ရှိမယ်။ ကိုယ့်ဉာဏ်နဲ့ စဉ်းစားဦးလို့ ဒီလိုဆိုလိုတာ။ မြတ်စွာဘုရား ဆိုလိုတာက အဲဒါပဲ။
ကွန်မြူနစ်တွေက ဒီအချက်တွေနဲ့ သူတို့က ဘာသာတရားတွေအကုန်လုံး ပစ်ပယ်ချင်တယ်။ ဒီ စကားလုံးသုံးပြီးတော့ ဘာသာတရားတွေကို အကုန် ပုတ်ခတ်တာ၊ အဲဒါတော့မမှန်ဘူး။
မြတ်စွာဘုရားရဲ့ ဆိုလိုရင်းအဓိပ္ပာယ်က ဘာတုန်းဆို။
သူများကလာပြီး report လုပ်လို့ရှိရင် အဲဒါနဲ့တင်ရပ်မနေနဲ့။
ကိုယ့် ဟာကိုယ် ဟုတ်တယ်၊ မဟုတ်ဘူး။
ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး။
ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဦး လို့ပြောတာ။
ဘယ်လောက်ကောင်းလဲ။
လောကလူတွေက လွယ်လွယ်နဲ့ ယုံတတ်တယ်လေ။ အောက်က အစီရင်ခံစာ တတ်လာတယ် ဆိုလို့ရှိရင် လက်ခံလိုက်တာပဲ။ ဟုတ်လား မဟုတ်လားဆိုတာ စဉ်းစားရမယ်။ အစီရင် ခံစာဆိုတာ အကုန်လုံးမှန်နိုင်ပါ့မလား၊ မမှန်နိုင်ဘူး။ ဒီ့ပြင်အစီရင်ခံစာ မပြောနဲ့ ကိုယ့်အိမ် ၊ ကိုယ့်မိသားစုထဲပဲကြည့်။ သမီးကလာပြော၊ သားကလာပြော၊ ဟိုလူကလာပြော၊ ဒီလူက လာပြောနဲ့ ။ အမှန်ချည်း အောက်မေ့မနေနဲ့။ အမေ မသိစေနဲ့၊ အဖေမသိစေနဲ့ တဲ့ ။ အဟုတ်မှတ်နေကြတာ။ အဲဒါကြောင့်မို့လို့ Report လေးနဲ့တင် ကျေနပ်မနေနဲ့။ မြတ်စွာဘုရားဆိုလိုတာက “အနုဿ ဝ”လို့ဆိုတဲ့ တစ်ဆင့်ကြား စကားလေး နဲ့တင် မှန်တယ်လို့ မဆုံးဖြတ်နဲ့ဦး၊ မှန်တာလည်းရှိနိုင်တယ်၊ မှားတာလည်းရှိနိုင်တယ်၊ မသေချာဘူးလို့ပြောတာ။ စဉ်းစားကြည့်ပေါ့၊ ဒါအမှန်ပဲလေ၊ အဲဒါကိုဆိုလိုတာ။
(၂)။ “မာ ပရမ္ပရာယ ပရမ္ပရ”
“မာ ပရမ္ပရာယ ပရမ္ပရ”ဆိုတာ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက လုပ်လာတဲ့ အလုပ်တစ်ခု၊ Tradition လို့ခေါ်တယ်။
မျိုးရိုးအစဉ်အဆက်က လက်ခံလာကြတာ၊ အဲဒါဟာ လည်း “ဒါက တို့ဘိုးဘွားလက်ထက်ကတည်းကပဲ၊ တို့ရဲ့ဓလေ့ထုံးစံပဲ” ဆိုပြီးတော့ လုပ်နေကြတာ။ အဲဒါကို လည်းပဲ မြတ်စွာဘုရားက ဒါနဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။ Tradition ဆိုတာ မှန်တာ လည်းရှိနိုင်တယ်။မှားတာလည်းရှိနိုင်တယ်။ အမှန် တရားကို ရှာဖွေတဲ့နေရာမှာ ဒါက အသုံးမဝင်ဘူး။ Research လုပ်တဲ့အခါမှာ ဒါတွေနဲ့ research လုပ်လို့ မရဘူးလို့ပြောတာ။
အဓိပ္ပာယ်က အမှန်တရားကို ရှာချင်ပြီဆိုလို့ရှိရင် Tradition နဲ့ မရှာနဲ့၊ ရှာရင် မှန်တာ ရှိချင်ရှိမယ်၊ မှားတာ ရှိချင်ရှိမယ်။ မသေချာဘူးလို့ ပြောတာ။ ဘုန်းကြီးတို့တစ်ခါတုန်းက Mexico နိုင်ငံကလာတဲ့ Mexican လူမျိုးတွေ သုံးဆယ်လောက် ဗမာပြည်ကို ရောက်လာတယ်။ သူတို့က “ဗုဒ္ဓဘာသာတွေ” ဖြစ်နေကြတယ်။ Mexico ဆိုတာ ခရစ်ယာန်အများစု စပိန်စကားပြောတဲ့နိုင်ငံ၊ အမေရိကန်နိုင်ငံနားက နိုင်ငံတစ်နိုင်ငံ။ အဲဒီက အမျိုးသား၊အမျိုးသမီး လူ(၃၀)လောက် ရောက်လာတယ်။ ဘုန်းကြီးတို့ဆီရောက်တော့ မေးခွန်းတွေ မေးကြတယ်။
မေးခွန်းမေးတဲ့အထဲမယ် အမျိုးသမီး တစ်ယောက်က ဘာမေးတုန်းဆို “သူ မန္တလေး က “မဟာမြတ်မုနိဘုရားကြီး”ကို သွားဖူးတယ်တဲ့။ ဖူးတဲ့အခါမှာ ဂန္ဓကုဋိတိုက်အနားမှာ အမျိုးသမီးမဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ခဲ့တယ်။ အင်္ဂလိပ်လိုလည်း ရေးထားတယ်။ အဲဒါမြင်လာတဲ့အခါ သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်တယ်။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတယ်ပေါ့။ အမျိုးသားတွေတော့ ဝင်လိုက်၊ထွက်လိုက် လုပ်တယ်။ အမျိုးသမီးတွေတော့ မဝင်ရဘူး ဆိုရင် ဒါ ခွဲခြားဆက်ဆံတာ။ ဘုန်းကြီးနဲ့တွေ့တဲ့အခါ မေးတာ၊ အဲဒီလို စာတမ်း တွေ့တယ်တဲ့။ ဒါ ဗုဒ္ဓဘာသာ လား၊ ဘုရားဟောတဲ့တရားလား” တဲ့ သူကမေးတယ်။ ဘုန်းကြီးက “This is not a buddhism” ဒါက ဗုဒ္ဓရဲ့ဝါဒ မဟုတ်ဘူး။ This is a Tradition. မြန်မာ လူမျိုးတွေရဲ့ ရှေးအစဉ်အလာအရ လက်ခံ ကျင့်သုံးလာတဲ့ ထုံးတမ်း အစဉ်အလာ တစ်ခုသာ ဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာနဲ့ မဆိုင်ပါဘူးလို့ ဒီလို ပြောလိုက်တယ်၊ အဲဒီကျတော့ ကျေနပ်တယ်။
Tradition ဆိုတာ သူတို့လည်းရှိတယ်၊ ကိုယ်လည်းရှိတယ်။
Tradition ဆိုတာ အမှန်တရားလို့ ပြောတာ မဟုတ်ဘူး။
ဓလေ့ထုံးတမ်း အစဉ်အလာအရ လိုက်နာရတာတွေ ရှိတယ်လေ။
မှန်လို့ လိုက်နာတာ မဟုတ်ဘူး။
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ထုံးတမ်း အစဉ်အလာမို့ လုပ်နေကြတာ။
ဒါက အမှန်တရားကို ရှာတဲ့နေရာမှာ အဓိက မဟုတ်ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက Tradition နဲ့လည်း
အမှန်တရားကို မရှာနဲ့။ Tradition ဆိုတာ မှန်တာရှိတယ်၊ မှားတာ ရှိတယ်။ ခုနက “အမျိုးသမီးမဝင်ရ”ဆိုတာ
“ဝင်ရင် အကုသိုလ်ဖြစ်တယ်”ဆိုရင် ဒါမှားတယ်။ ဘယ်လိုလုပ် ဝင်ရင် အကုသိုလ် ဖြစ်မလဲ။ သို့သော် အမျိုးသမီးမဝင်ရ ဆိုတာ မြန်မာလူမျိုးတွေရဲ့ Tradition အနေနဲ့ အမျိုးသမီး မဝင်ဖို့ဆိုတာ ၊ ဒါလူမျိုးရဲ့ Tradition ။ Tradition ဆိုသူတို့နားလည်တယ်။
ဟို ကျိုက်ထီးရိုးမှာလည်း ကြည့်လေ။ ဘုရားဖက် ကူးတဲ့ တံတားလေး ရှိတယ်မဟုတ်လား။ အမျိုးသမီး မတက်ရဆိုတာ။
အမျိုးသမီးတက်ရင် မိုးကြိုးပစ်တယ် တို့၊ မုန်တိုင်းထန်တယ်တို့ ၊ ဘာတို့ ပြောကြတယ်၊ တစ်ခါတုန်းက နိုင်ငံခြား အမျိုးသမီးတစ်ယောက် က ယောက်ျား လိုဝတ်ပြီးတော့ ကူးသွားတာ၊ မိုးကြိုးက မပစ်လိုက်ဘူး၊ မုန်တိုင်းကလည်း မကျလိုက်ဘူး။ မသိလိုက်ကြဘူး၊ မျက်စိလည်သွားတယ်နဲ့တူတယ်။ အကယ်၍ ပြောတဲ့အတိုင်း မဖြစ်ရင် ဒါ သိက္ခာကျတယ်၊
အဲဒီတော့ guide တွေကို ပြောလိုက်တယ်။ “မင်းတို့ အဲဒီလိုမပြောနဲ့၊ ဟိုဟာ ဒီဟာတွေ။ နိုင်ငံခြားသား တွေကို Tradition လို့သာပြော၊ Tradition လို့ပြောရင် ဒါကိစ္စပြီးတယ်။ သူတို့မှာလည်းရှိတယ်၊ ဒါက Tradition ပဲ”လို့။ ဒီလိုပဲပြောရမယ်။
Tradition ဆိုတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှန်တရားကို ရှာရမယ့်ဟာ မဟုတ်သည့် အတွက်ကြောင့် မြတ်စွာဘုရားက Tradition နဲ့လည်း အမှန်တရားကို မရှာနဲ့၊ အဲဒီတွင် လမ်းမဆုံးနဲ့ပေါ့။ မှန်ကန်တဲ့ Tradition ရှိတယ်၊ မှားယွင်းနေတဲ့ Tradition လည်းရှိတယ်ပေါ့။ ဒီလိုဆိုလိုတာနော်။ အဲဒါကို “မာပရမ္ပရာယ” လို့ပြောတာ။
ဒီသုတ္တန်ဟာ ဘဝအတွက် Guideline ပေးတဲ့ နေရာမှာ အလွန်ကောင်းတယ်။ သို့သော် ပုံပျက် ပန်းပျက် အဓိပ္ပာယ်မယူဆတတ်လို့ ရှိရင် တလွဲရောက် ကုန်တတ်တယ်။ အကုန်ပယ်ဖို့ မြတ်စွာဘုရားက ဟောတာ မဟုတ်ဘူး။ အခုကြည့် report နဲ့ အမှန်တရားကို မရှာနဲ့၊ Report ဆိုတာ ဘာဖြစ်လို့မရှာရတာတုန်းဆို မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်။ မသေချာဘူး။Tradition နဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့။ Tradition ဆိုတာ မှန်တာလည်းရှိတယ်၊ မှားတာလည်း ရှိတယ်။
(၃)။ “မာ ဣတိကိရာယ”
“ဣတိကိရ” ဆိုတာ ဒီလိုတဲ့ဆိုပြီး တစ်ယောက်လာပြောတဲ့အရာ။
ဘာဖြစ်သတဲ့ ညာဖြစ်သတဲ့၊
ဟိုလိုပြောသတဲ့ ဒီလိုပြောသတဲ့၊
လောကမှာ “တဲ့”တွေ အများကြီးရှိတယ်။
အဲဒါကို hearsay လို့ခေါ်တယ်။
ကြားလာတာကို တစ်ဆင့်လာပြောတာလေ။ သူကလည်း တစ်ဆင့်ကြားပဲ။ သူကိုယ်တိုင်မြင်တာမဟုတ်ဘူး။ ဘာဖြစ်သတဲ့၊ ညာဖြစ်သတဲ့ လာပြောတာပေါ့။ အဲဒီ hearsay တွေ၊ “ဣတိကိရ” ဆိုတာတွေနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ အမှန်တရားကို ဆုံးဖြတ်ရင် အမှန် တရား မရနိုင်ဘူး။ ဒီလိုဆိုလိုတာနော်၊ ဒါလည်း အမှန်တရားဆုံးဖြတ်ရမယ့်
အကြောင်းတစ်ခုမဟုတ်ဘူးတဲ့။ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။
(၄)။ “မာ ပိဋကသမ္ပဒါနေန”
❦ ပိဋက ဆိုတာ ဘုရားဟော ပိဋက ကို ပြောတာ မဟုတ်ဘူး။
❦ “သင်ယူရတဲ့ကျမ်းစာ” ကို “ပိဋက” လို့ပြောတာ။
“ပိဋကသမ္ပဒါနေန” စာထဲမှာပါတယ် ဆိုတာနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့လို့ ဒီလိုပြောတာ။ အဲဒီစကားလုံးကို ယူသုံးပြီး ပိဋကသုံးပုံက စကားတွေ ပယ်ချင်တဲ့လူတွေက လျှောက်ပြောတာ။ အဲဒါအဓိပ္ပာယ်မရှိဘူး၊ ဒါကိုဆိုလိုတာ မဟုတ်ဘူး။
သတင်းစာထဲပါတယ်၊ ဂျာနယ်ထဲပါတယ်။ စာအုပ်ထဲပါတယ်ဆိုတာနဲ့ အမှန်ပြောလို့ မရဘူး။ ဒါ ဟုတ်တာပေါ့၊ စာအုပ်ထဲမှာ အမှားရေးချင်လည်း ရေးမှာပဲလေ၊ မှားချင် မှားတာပဲ၊ ဒါကြောင့် စာအုပ်ထဲမှာပါတယ် ဆိုတာနဲ့လည်း အမှန်တရားကို ဆုံးဖြတ်လို့မရဘူး၊ ဒါ သိပ်သဘာဝကျတာ။ ကိုယ်ပိုင်ဉာဏ်ကို အသုံးချဖို့ မြတ်စွာဘုရားက ဟောနေတာနော်။ ဒီ ပိဋကသုံးပုံကို ပြောတာမဟုတ်ဘူး။ “ပိဋကသမ္ပဒါနေန”ဆိုတာ သင်ယူရတဲ့ ကျမ်းစာမှန်သမျှကို “ပိဋက” လို့သုံးတာ။ တချို့ နိုင်ငံခြားသားတွေ ဘာသာပြန်တာတော့ ပိဋက ကို ခြင်းတောင်း လို့ ဘာသာပြန်ကြတယ်။ basket တဲ့။ သို့သော် ခြင်းတောင်းကိုသာ ပိဋက လို့ ခေါ်တာ မဟုတ်ဘူး။ သင်ယူရတဲ့စာပေတွေကိုလည်း “ပိဋကတ်” လို့ခေါ်တယ်။
အဲဒီတော့ သင်ယူထားတဲ့ ကျမ်းစာနဲ့ ကိုက်တယ် ဆိုရုံနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်၊ ဒါတင်ရပ်မထားနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားဖို့ လိုအပ်တယ်လို့ ဒီလိုဆိုလိုတာနော်။
(၅)။ “မာ တက္ကဟေတု”
“တက္က” ဆိုတာ ဒီကနေ့ Logic ကိုခေါ်တာ။
အကြောင်း အကျိုး ဆီလျော်အောင် တွေးတောဆင်ခြင်မှု၊ တတ္တဗေဒနည်း၊ တွေးခေါ်မြော်မြင်တဲ့ နည်းစနစ် တစ်ခုကို တက္က လို့ခေါ်တယ်။
Logic လို့ခေါ်တယ်။
အဲဒီ Logic နည်းနဲ့လည်းပဲ အမှန်တရားကိုရှာလို့ မမှန်နိုင်ဘူးတဲ့၊ ဆုံးဖြတ်လို့မရဘူးလို့ ဒီလိုဆိုလိုတယ်။ လောကမှာ တတ္တဗေဒနည်းတွေ အများကြီး ရှိတယ်လေ။ ကြောင်းကျိုးဆင်ခြင်တာပေါ့။ “လူသည် သေမျိုးဖြစ်သည်၊ ဦးဘသည် လူတစ်ယောက်ဖြစ်သည်၊ ဒါ့ကြောင့် ဦးဘသည် သေမျိုးဖြစ်သည်။” ဒီလို ဆင်ခြင်တာမျိုးကို ဆိုလိုတာ၊
ကြောင်းကျိုးဆင်ခြင်ပြီး ပြောတာ။
အဲဒီတော့ နေရာတကာတိုင်းမှာ ဒီနည်းစနစ်ကို သုံးလို့ရှိရင်လည်း အမှန်တရားကို ရှာဖွေလို့ရမှာ မဟုတ်ဘူး။ အသိဉာဏ်နဲ့ ရှာဖွေမှသာလျှင် မှန်ကန်တဲ့ တရားကို သိနိုင်တယ်လို့။ ဒါကြောင့်မို့ တတ္တဗေဒနည်းနဲ့လည်း အမှန်တရားကို မဆုံးဖြတ်လေနဲ့လို့ မြတ်စွာဘုရား ဟောတာ။ သူတို့ပြောနေတဲ့ သံသယတွေဟာ တစ်ခုတည်းမကဘူး။ မြတ်စွာဘုရားက လောကမှာရှိတဲ့ သံသယ ဖြစ်ဖွယ်ရာတွေကို ဒီမှာ အကုန်ထုတ်ပြတာနော်။
(၆)။ “မာ နယဟေတု”
“နယ” ဆိုတာ နည်းယူပြီးတော့ ပြောတာ၊
အကြောင်း မြင်ရင် အကျိုး ကို ပြောလို့ရတယ်။
အကျိုးအကြောင်းကို ပြောလို့ရတယ်။
အဲဒါကို inference လို့ခေါ်တယ်။
“အနုမာန” လို့ ခေါ်တယ်။
တစ်ဆင့်သိတာ မှန်တာလည်း ရှိတယ်၊
မှားတာလည်းရှိတယ်။
တောင်ရဲ့ ဟိုဘက်ကနေပြီးတော့ မီးခိုးတွေ ထွက်နေတာ မြင်တဲ့သူတစ်ဦးက “ တောင်ရဲ့ ဟိုဘက်မှာ မီးလောင်နေတယ်” လို့ပြောတယ်၊ ဘာဖြစ်လို့တုန်းဆို မီးခိုး ဆိုတာ မီးက ဖြစ်တာကိုး၊ သူမြင်တာက မီးခိုး၊ မီးရဲ့ အကျိုးကိုသာ မြင်တာ၊
အကျိုးကို ကြည့်ပြီးတော့ အကြောင်းကို လှမ်းပြောတာ။ မီးကို သူ မမြင်ဘူး။ အဲဒါ အမြဲတမ်း မှန်သလားဆိုတော့ မီးခိုးမြင်တာနဲ့ မီးရှိတယ် လို့ပြောရင် အမြဲတမ်း မမှန်ဘူး။ တစ်ခါတလေ မီးရထားစက်ခေါင်း ကလည်း မီးခိုးထွက်သေးတာပဲ၊ မီးမလောင်ဘဲနဲ့ မီးခိုးထွက်တာရော မရှိဘူးလား၊ ရှိတယ်။ အဲဒီတော့ ဒါတွေက “အနုမာန” လို့ခေါ်တယ်။
အကျိုး ကို ကြည့်ပြီး အကြောင်း ကို တွက်ဆတာ၊ အကြောင်း ကို ကြည့်ပြီးတော့ အကျိုးကို တွက်ဆတာ၊ တစ်ခုပဲမြင်ရတယ်၊ တစ်ပိုင်းပဲမြင်ရတယ်၊ မြင်ရတာနဲ့၊ ကျန်တာကို မှန်းပြီးတော့ ဆုံးဖြတ်တာ၊ inference “အနုမာန” လို့ခေါ်တယ်။ တစ်ဆင့် မှန်းဆပြီးတော့ သိတာမျိုး။ အဲဒါနဲ့လည်း အမှန်တရားကို ရှာလို့မရဘူး လို့ ဒီလိုပြောတာ။
မြတ်စွာဘုရား ဟောတာတော့ တကယ့်ကို ပစ္စဝေက္ခဏာဉာဏ် ကို ဟောတာပဲ။ ဒါကြောင့်မို့ ပစ္စဝေက္ခဏာဉာဏ် မဟုတ်တာတွေနဲ့ဆို တစ်ခုမှ စိတ်မချရဘူး၊ ဘာဖြစ်လို့တုန်းဆို လောက လူသားတွေက အမှန်တရားဆိုတာကို အတွေးတွေ၊ အပြောတွေနဲ့ပဲ ရှာနေကြတာ။
(၇)။ “အာကာရပရိဝိတက္ကေန”
ကြောင်းကျိုး ဆင်ခြင်ပြီး သုံးသပ်ကြည့်တာ၊
အကြောင်းတရား ကို တွေးတောဆင်ခြင်ပြီး ကြည့်တာ။
အဲဒီလို တွေးတောဆင်ခြင်ပြီးတော့ အတွေးအခေါ်တစ်ခုနဲ့ အမှန်တရားကို ဆုံးဖြတ်ရင် မှန်လားဆို မမှန်ဘူး။ ဒါနဲ့လည်းပဲ အမှန်တရားကို ဆုံးဖြတ်လို့မရဘူး၊ ဒီလို ဆိုလိုတာ။
(၈)။ “ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ”
“ဒိဋ္ဌိ” ဆိုတာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အမြင် ကို ဆင်ခြင်စဉ်းစားလိုက်တဲ့အခါ ကျေနပ်စရာ အဖြေတွေ ထွက်တယ်။
ကိုယ့်အမြင်လေးက သဘောကျစရာရှိတယ်။ ကြောင်းကျိုးဆင်ခြင်လို့ရတယ်၊ ကိုက်ညီတယ်။ ကိုယ့်အမြင်ဟာ သူများအမြင်နဲ့လည်း ကိုက်ညီတယ်၊ ကျေနပ်စရာ ကောင်းတယ်၊ ဆင်ခြင်သုံးသပ်ပြီး ကြည့်မှုနဲ့ရော၊ အမှန်တရားကို ဆုံးဖြတ်လို့ရလားဆိုတော့ မရဘူးတဲ့။ မြတ်စွာဘုရားက အဲဒါနဲ့လည်း ဆုံးဖြတ်လို့မရဘူး။ လောကလူတွေက ဆုံးဖြတ်နေကြတယ်။ ဒါမျိုးတွေပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်ကြတာကိုး၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီအချက်တွေနဲ့ မဆုံးဖြတ်ဖို့ ဒီသုတ္တန်မှာ နည်းစနစ်တစ်ခုကိုပေးတာ။
(၉)။ “မာ ဘဗ္ဗရူပတာယ”
ဖြစ်နိုင်ခြေရှိတာ possibility လို့ခေါ်တယ်။
ဘယ်ကိစ္စ ဖြစ်ဖြစ် လူတွေကပြောကြတယ် “ဒါ ဖြစ်နိုင်တယ်” တဲ့။ အကြောင်းအကျိုး ဆင်ခြင်မှုတော့ ရှိတာပေါ့။ ဒါဖြစ်နိုင်တယ်လို့ ပြောရတဲ့ အရာတစ်ခုဟာလည်း ကိုယ်က ဖြစ်နိုင်တယ်လို့ ပြောပေမယ့် ဖြစ်ချင်မှဖြစ်တာ၊ ဒါကြောင့်မို့ ဒါနဲ့လည်းပဲ အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ “ဘဗ္ဗရူပ” မှတ်သားထိုက်တယ်၊ ဖြစ်နိုင်ခြေရှိတယ် ဆိုတဲ့အချက်နဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။
နောက်ဆုံးအချက်ကျတော့ ဘာတုန်းဆို
(၁၀)။ “မာ သမဏော နော ဂရု”
တချို့က လေးစားရတဲ့ သူ့ရဲ့ဆရာ က ပြောသွားတဲ့စကား
“ဒီသမဏေဟာ တို့ရဲ့ဆရာပဲ၊
ဆရာပြောတာဆိုရင် မမှားဘူး” လို့
ဒီလိုနဲ့ အမှန်တရားကို ဆုံးဖြတ်လို့ မရဘူးတဲ့။
အဲဒီတော့ အသိဉာဏ် မပါဘဲနဲ့ ဘယ်အချက် ကိုမှ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား ပစ္စဝေက္ခဏဉာဏ် မရှိဘဲနဲ့ ဘယ်ဟာကိုမှ အမှန်တရားလို့ မဆုံးဖြတ်ရဘူးလို့ မြတ်စွာဘုရားက ကာလာမ အမျိုးသားတွေကို ဟောတာ။
ဒီ(၁၀)ချက်၊ ဆရာကြီးကတော့ တို့ရဲ့ဆရာပဲ (သို့မဟုတ်) တို့ရဲ့ ဆရာတော်ကြီးက ပြောသွားတာ။ အခုခေတ်ဆိုလို့ ရှိရင် တို့ဘုန်းကြီးက ပြောတာ၊ တို့ဦးဇင်းက ပြောတာ ဆိုပြီးတော့လည်းပဲ ဒီမှာတင် လမ်းမဆုံးစေနဲ့လို့ ပြောတာ၊ ကိုယ့်ဟာကိုယ် စဉ်းစားဦးပေါ့။ ဒီလိုဆိုလိုတာ။
【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
【စာရိုက်ပူဇော်သူ – Admin Team of Young Buddhist’s Association】