
Noble Eightfold Path
ဗုဒ္ဓဒေသနာတော် အားလုံး သည် ဤ မဂ္ဂင်ရှစ်ပါး တရား တွင် တနည်းနည်းဖြင့် အကျုံးဝင်လျက် ရှိပေ သည်။ ထို့ကြောင့် ဤ မဂ္ဂင်ရှစ်ပါး တရား ကို ဒေသနာတော် အားလုံး ၏ အဆီအနှစ် ဟုခေါ်ဆိုနိုင်ပေသည်။
သီလမဂ္ဂင် (၃) ပါး
၁။ သမ္မာဝါစာ (မှန်သောစကားကို ပြောဆိုမှု) ဆိုသည်မှာ – မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ကြမ်းတမ်းစွာ ပြောဆိုခြင်း၊ ကုန်းချောစကား၊ သွေးခွဲစကား၊ အနှစ်မဲ့ စကားပြောကြားခြင်း တို့မှ ရှောင်ကြဉ် ခြင်းဖြစ်သည်။
၂။ သမ္မာကမ္မန္တ (မှန်သောပြုလုပ်မှု) ဆိုသည်မှာ- သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူလုယက်ခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ မတရားသော ကာမဂုဏ်ခံစားခြင်းတို့မှ ရှောင်ကြဉ်ခြင်းဖြစ်သည်။
၃။ သမ္မာအာဇီဝ (မှန်သောအသက်မွေးမှု) ဆိုသည်မှာ- လိမ်လည် ကောက်ကျစ်ခြင်း၊ သတ္တဝါများကို သတ်ဖြတ်ခြင်း၊ အဆိပ် သေရည်သေရက် လက်နက် ခဲယမ်း မီးကျောက် စသည်တို့ကို ရောင်းဝယ် ဖေါက်ကားခြင်း စသော သူတပါးတို့အား ဘေးဖြစ်စေသည့် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။
သမာဓိမဂ္ဂင် (၃) ပါး
၄။ သမ္မာဝါယာမ (မှန်သော အားထုတ်မှု) ဆိုသည်မှာ- ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ် အောင်ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးတက်များပြားလာအောင် ကြိုးစားအားထုတ်ခြင်းဟူသော သမ္မပ္ပဓာန်လေးပါး နှင့်အညီ ကြိုးစားအားထုတ်ခြင်းများ ဖြစ်သည်။
၅။ သမ္မာသတိ (မှန်သောအောက်မေ့မှတ်သားမှု) ဆိုသည်မှာ- မှန်ကန်သော အောက်မေ့အမှတ် ရခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း။ ကုသိုလ်တရားတို့၌ ကောင်းစွာ အောက်မေ့သတိရ ခြင်းဖြစ်သည်။
(က) ကိုယ်တွင်း၌ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (ကာယ)၊
(ခ) တွေ့ထိခံစားရမှုများ (ဝေဒနာ)၊
(ဂ) စိတ်တွင် ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (စိတ္တ) နှင့်
(ဃ) စိတ်ကူးကြံစည်မှု၊ တွေးတေားယူဆမှုများနှင့် အကြောင်းခြင်းရာများ(ဓမ္မ)
တို့ကို အပတ်တကုတ် လုံ့လပြု၍ စေ့ငစွာ မလွတ်စေဘဲ စောင့်ကြပ် ကြည့်ရှုသတိပြုနေခြင်း – ကို မှန်သော အောက်မေ့မှတ်သားမှု ဟုခေါ်သည်။
၆။ သမ္မာသမာဓိ (မှန်သောတည်ငြိမ်မှု) ဆိုသည်မှာ – မှန်ကန်သော တည်ကြည်ခြင်း၊ ကောင်းစွာတည်ကြည်ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓဘာသာ ‘ဘာဝနာ’ ဟူသည် စိတ်ကိုသန့်ရှင်းစင်ကြယ်စေရန် လေ့ကျင့်ပေးခြင်းဟု အဓိပ္ပာယ်အပြည့်အစုံပါဝင်သည်။ ‘ဘာဝနာ’၏အမှုသည် စိတ်၏အညစ်အကြေးအနှောင့် အယှက်များဖြစ်သည့် ကာမဂုဏ်ကိုခံစားလိုခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ ငိုက်မျဉ်းထိုင်းမှိုင်းခြင်း၊ ပျံ့လွင့်ခြင်း၊ ပူပန်ခြင်းနှင့် ယုံမှားခြင်းတို့ကို ရှင်းလင်းသုတ်သင်ပြီးနောက် သမာဓိ၊ သတိ၊ ပညာ၊ ဆန္ဒ၊ ဝီရိယ၊ သမ္မာသနဉာဏ်၊ သဒ္ဓါ၊ ပီတိ၊ သုခ စသော ကောင်းမြတ်သည့် ဂုဏ်များကို တိုးပွားဖြစ်ထွန်းစေ၍ နောက်ဆုံး၌ သဘာဝတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်သည့် အဓိပညာကိုရယူကာ ပရမတ္တသစ္စာတည်းဟူသော နိဗ္ဗာန်ကို မျက်မှောက် ပြုရန်ပင်ဖြစ်သည်။
ဘာဝနာ နှစ်မျိုး ရှိပေသည်။ တစ်မျိုးသည် စိတ်ကို မပျံလွင့်အောင်စောင့်ထိန်းကာ သမာဓိကို ပြုစုထူထောင်ရသော သမထဘာဝနာ ဖြစ်၏။ ကျမ်းဂန်များတွင် လာရှိသည့်နည်းအမျိုးမျိုး ဖြင့် ဈာန်သမာပတ်များဝင်စားသည်အထိကျင့်ဆောင်သောနည်း ဖြစ်သည်။ ဗုဒ္ဓအလိုအား ဖြင့် ဤဈာန်စခန်းများသည် စိတ်၏ဖန်ဆင်းမှု၊ ထူထောင်မှု၊ ပြုပြင်မှု (သင်္ခတ) တရားများ သာဖြစ်ပေသည်။ ပကတိအစစ်အမှန်တရား၊ သစ္စာတရား၊ နိဗ္ဗာန်နှင့်မည်သို့မျှမသက်ဆိုင် ချေ။ ဤဘာဝနာလုပ်ငန်းမျိုးသည် ဗုဒ္ဓခေတ် မတိုင်မီကပင် ထွန်းကားတည်ရှိခဲ့ပေသည်။ ဗုဒ္ဓဘာသာစစ်စစ်လုပ်ငန်းရပ်မဟုတ်ပေ။ သို့စင်တစ်မူ ဗုဒ္ဓဘာသာ ဘာဝနာလုပ်ငန်းရပ်များ တွင်မထည့်သွင်းဘဲချန်ထားခြင်းလည်းမဟုတ်ပေ။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကိစ္စအတွက် မူ လိုအပ်သောလုပ်ငန်းရပ်မဟုတ်ပေ။
ထို့ကြောင့် ဗုဒ္ဓသည် ‘ဝိပဿနာ’ဟုခေါ်တွင်သော အခြားဘာဝနာတစ်မျိုးကို ရှာဖွေ တည် ၏ထောင်တော်မူလေသည်။ ဤ ‘ဝိပဿနာ’ဘာဝနာ သည် ဗုဒ္ဓဘာသာစစ်စစ် ကမ္မဋ္ဌာန်း စိတ်လေ့ကျင့်မှုလုပ်ငန်း ဖြစ်၍ သဘာဝတရားကို ထိုးထွင်းသိမြင်ပြီးနောက် စိတ်၏လုံးဝ လွတ်မြောက်မှုရခြင်းကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်သည်။ သတိဖြင့် စောင့်ကြည့် မှု၊ နိုးကြားမှု၊ သတိဖြင့်မှတ်သားမှုများတွင် အခြေပြုသော သုံးသပ် ဆင်ခြင် ဝေဖန် စစ်ဆေး သည့် နည်းလမ်း ဖြစ်ပေသည်။
အာနာပါနဿတိကမ္မဋ္ဌာန်
ထင်ရှားကျော်ကြား လူသိများသော လက်တွေ့ကမ္မဋ္ဌာန်းတရားမှာ ထွက်သက်ဝင်သက်ကို ရှုမှတ်ရ သည့် အာနာပါန သတိပဋ္ဌာန်တရား ပင်ဖြစ်သည်။ ဤကမ္မဋ္ဌာန်းလုပ်ငန်းတစ်ခုအတွက် သာလျှင် ထူးထူး ခြားခြား တိတိကျကျ နေထိုင်ရမည့်ပုံဟန်ကို သုတ်များ၌ သတ်မှတ် ပေးထားသည်။ အခြားကမ္မဋ္ဌာန်း လုပ်ငန်းများအတွက်မူ မိမိသဘောအလျောက် ထိုင်လိုက ထိုင်နိုင်၍ ရပ်ခြင်း၊ စင်္ကြံလျှောက်ခြင်း၊ လဲလျောင်းခြင်းတို့ကို မိမိစိတ်ကြိုက်အတိုင်း ပြုလုပ်နိုင်ပေသည်။
ထွက်သက်ဝင်သက် ရှုမှတ်ရာတွင်မူ ကျမ်းဂန်အရ တင်ပျဉ်ခွေထိုင်ရ၍ ကိုယ်ကို ဖြောင့်မတ်စွာဖြင့် သတိကို နိုးကြားစွာထားရပေသည်။ တင်ပျဉ်ခွေထိုင်ရန် ခက်ခဲသူများသည် ကုလားထိုင်မှာပင်ထိုင် ၍ ကိုယ်ကို ဖြောင့်မတ်စွာဖြင့် သတိကို နိုးကြားစွာထားနိုင်ကြပေသည်။ တောင့်တောင့်တင်းတင်း ထားရန် မလိုပါ။ လက်နှစ် ဖက်ကို ပေါင်ပေါ်တွင် သက်သာစွာတင်၍ မျက်စေ့ကို မှိတ်ထားယုံမျှသာ မှိတ်ထားနိုင် ပေသည်။
အာနာပါနဿတိကမ္မဋ္ဌာန် ၌ အသက်ရှူသွင်း ရှိုက်ထုတ်ကို အထူးလုံ့လပြု အားမစိုက်ဘဲ ခါတိုင်းကဲ့သို့ပင် မှန်မှန်ပြုလုပ်ပါ။ ဤသို့ ရှူသွင်း၊ ရှိုက်ထုတ်လုပ်နေသည်တွင် စိတ်အာရုံစူးစိုက် ထားပါ။ ထို့နောက် မိမိစိတ်ကို အသက်ရှူမှု၊ ရှိုက်မှုတွင်သာ သတိနိုးကြားစွာဖြင့် စောင့်ကြည့်ပြီး ရှုနေပါစေ။ ပြင်းစွာရှူလျှင် ပြင်းစွာရှူလိုက်သည် ဟုသာ သိ၍နေပါ။ ဖြည်းညင်းစွာ ရှူလျှင် ဖြည်းညင်းစွာ ရှူလိုက်သည် ဟု လိုက်၍ သိနေပါ။ အသက် ရှူ-ရှိုက်မှုတွင်သာ အာရုံကို စူးစိုက်ထားခြင်းဖြင့် ရှူလေ၊ ထုတ်လေ၏ လှုပ်ရှားမှု ပြောင်လဲမှု ဟူသမျှကို သိ၍ နေရမည် ဖြစ်ပေသည်။ ဘေးပတ်ဝန်းကျင် အသိုင်းအဝိုင်းအားလုံးကို မေ့ပျောက်၍ ထားပါ။ မျက်စေ့ ကို ဖွင့်၍ မည်သည့်အရာကိုမျှ မကြည့်ပါနှင့်။ ငါးမိနစ်တန် သည် ဆယ်မိနစ်တန် သည် ဤလေ့ကျင့်မှု ကို ပြုလုပ်ပါ။
အစကနဦး၌ အသက်ရှူ-ရှိုက်မှုပေါ်တွင် အာရုံစူးစိုက်ထားရန် အလွန်ခဲယဉ်းကြောင်း တွေ့ရပေ လိမ့်မည်။ စိတ်သည် ထားရာ၌ မနေ၊ ခုန်ပျံပြေးလွှားနေသည်ကို အံ့ဩဖွယ်ရာ တွေ့ရပေလိမ့်မည်။ ထွေရာလေးပါးကို တွေးမိသည်။ အပြင်မှ အသံများကို ကြားနေသည်။ စိတ်ပျက်အားလျှော့မိပေ လိမ့်မည်။ သို့ရာတွင် တစ်ကြိမ်လျှင် ၅-မိနစ် ၁၀-မိနစ်ကြာ ည၊ မနက် တစ်နေ့ ၂-ကြိမ်လေ့ကျင့် ပေးပါလျှင် တဖြည်းဖြည်း တစ်စတစ်စ အသက်ရှူရှိုက်မှု အပေါ်တွင် အာရုံစိုက်ထားလာနိုင်ပါလိမ့်မည်။ မကြာမီ ပြင်ပလောက ဆိတ်သုဉ်း၍ အနီးအနားမှ အသံကိုပင် မကြားတော့သော အာရုံစူးစိုက်မှုကို အသက်ရှူ ရှိုက်ရာတွင် စက္ကန့်ပိုင်းအားဖြင့် ထားရှိ လာနိုင်ပေလိမ့်မည်။ တဒင်္ဂမျှသာဖြစ် သော်လည်း ဤအတွေ့အကြုံသည် သင့်အတွက် အလွန်ထူးခြားသော အတွေ့အကြုံ ဖြစ်နေ၍ ချမ်းသာမှု၊ ပျော်ရွှင်မှု၊ ငြိမ်းအေးမှု အရသာကို ခံစားလိုက်ရကား ဆက်လက် တွေ့ကြုံ ခံစားချင်နေပေ လိမ့်မည်။ သို့ရာတွင် ခံစားနိုင်ဦးမည် မဟုတ်ပေ။ မှန်မှန် လေ့ကျင့်ပေးခြင်းဖြင့် တဒင်္ဂအတွေ့အကြုံ သည်အချိန် ပို၍ ပို၍ ကြာလာနိုင်ပေသည်။ ဤ တဒင်္ဂ အချိန်ကလေးသည် သင့်ကိုယ်သင် အသက်ရှူ ရှိုက်မှုအာရုံ ၌ မေ့ပျောက်ပစ်လိုက်သော အခိုက်အတန့် ပင်ဖြစ်ပေသည်။ ဤသို့ သိရှိ သတိ စွဲနေသမျှ ကာလပတ်လုံး အခြားမည်သည့် အကြောင်းအရာပေါ်မျှ အာရုံစိုက် ထားနိုင်မည် မဟုတ်ပေ။
အာနာပါနဿတိ သည် ပြုလုပ်ရန် လွယ်ကူသည့်အပြင် အထက်ဈာန်များရသည့်တိုင်အောင် သမာဓိကို ဖြစ်ပွားစေနိုင်သည်။ သမာဓိ ရင့်ကျက်မှလည်း နက်နဲသော သဘာဝတရားများ ကို ထိုးထွင်းသိရှိ နားလည်နိုင်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေမည်။ ထို့အပြင် အာနာပါနဿတိသည် လက်ငင်းအကျိုး ကျေးဇူးများပေးစွမ်းနိုင်ပေသည်။ ကိုယ်လက်အင်္ဂါ ကျန်းမာသန်းစွမ်းလာစေ၍ ပေါ့ပါးဖျတ်လတ်ခြင်း၊ နှစ်ခြိုက်စွာ အိပ်ရခြင်း၊ နေ့စဉ်လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာဆောင်ရွက် နိုင်ခြင်း စသော ကောင်းကျိုးများကို ပေးလေသည်။ စိတ်ကို တည်ငြိမ်အေးချမ်း စေသည်။ နှလုံးမငြိမ် တုန်လှုပ်ချောက်ချားနေသည့် အချိန်အခါများမှာပင် ဤအနုဿတိကို တစ်မိနစ်၊ နှစ်မိနစ်မျှ သုံးသပ် ဆင်ခြင်လိုက်ပါက ရုတ်တရက် ချက်ချင်း တည်ငြိမ်အေးချမ်းမှုရသည်ကို ကိုယ်တိုင် တွေ့မြင်သိရှိနိုင် ပေသည်။ တစ်ရေးတစ်မော အိပ်ရာမှနိုးလာဘိ သကဲ့သို့လန်းဆန်းရွှင်ကြည်နေပေလိမ့်မည်။
ပညာမဂ္ဂင် (၂) ပါး
၇။ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု) ဆိုသည်မှာ- ကိုယ်ကျိုးကို စွန့်လွှတ်လိုခြင်း၊ သတ္တဝါအားလုံး အပေါ်တွင် မေတ္တာစိတ်ထားခြင်း စသည်တို့ဖြစ်သည်။
၈။ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ဆိုသည်မှာ- အကြောင်းအရာများကို မဖေါက်မပြန် မှန်ကန်စွာသိ မြင်နားလည်ခြင်းဖြစ်သည်။ အရိယသစ္စာလေးပါးကို မဖေါက်မပြန် မှန်ကန်စွာ သိမြင်ခြင်းပင်ဖြစ် သည်။ ဤသို့ ပရမတ္ထတရားကို ထိုးထွင်းသိမြင်ခြင်းသည် ဉာဏ်ပညာအရာတွင် အထွတ်အထိပ်သို့ ရောက်ခြင်းဖြစ်သည်။
အထက်ဖေါပြပါ မဂ္ဂင်လမ်း သည် လူပုဂ္ဂိလ် တစ်ဦးစီ အသီးသီး ကိုယ်တိုင်ကိုယ်ကျ လေ့လာလိုက်နာ ထူထောင် ကျင့်သုံး ရမည့် နေထိုင်မှု လမ်းစဉ်ပင်ဖြစ်ပေသည်။ သီလ၊ သမာဓိ၊ ပညာ အင်္ဂါသုံးရပ် ကို ပြည့်စုံအောင် ထူထောင်ခြင်း ဖြင့် အဆုံးစွန် အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊ လွတ်မြောက်ခြင်း ဖြစ်သော နိဗ္ဗာန် သို့ ရောက်စေနိုင်သည့် လမ်း သာ ဖြစ်ပေသည်။
နိဗ္ဗာန်ကို ဤပစ္စုပ္ပန်(လက်ရှိအသက်တည်ဆဲ) ဘဝ၌ပင် မျက်မှောက်ပြုနိုင်ပေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး (အမှန်တရားကိုလက်ကိုင်ပြုပြီး) သူသည် ကမ္ဘာပေါ်တွင် စိတ်အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လေတော့သည်။ နိဗ္ဗာန်ကို ပညာရှိတို့သည် ၎င်းတို့၏ကိုယ်တွင်း၌သာလျှင် မျက်မှောက်ပြုအပ်ရာသည် (ပစ္စတ္တံ ဝေဒိ တဗ္ဗော ဝိညူ ဟိ)။ မဂ္ဂင်ခရီး လမ်းကြောင်း အတိုင်း စိတ်လက်ရှည်စွာ ပြင်းစွာသော ဝီရိယ ဖြင့် လျှောက်သွားပြီးနောက် ကိုယ်ကို စင်ကြယ်စေရန် ကျင့်ကြံအားထုတ်၍ လိုအပ်သော သီလ၊ သမာဓိ၊ ပညာ နှင့် ပြည့်စုံပါလျှင် ကျွန်ုပ်တို့သည် တစ်နေ့တွင် ကိုယ်တွင်း၌ပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ပေရာသည်။ ခက်ခဲသည့် အခေါ်အဝေါ် စကားလုံးကြီးများဖြင့် စိတ်ရှုပ်ထွေး နေစရာ မလိုပေ။
Source ညွှန်း
“ဗုဒ္ဒဘာသာကောင်းတစ်ယောက်” ၊ အခန်း (၅)၊ ‘သစ္စာ(၄)ပါးတရား’၊ စာ ၄၀၅ – ၄၀၉၊ သာသနာတော်ထွန်ကားပြန့်ပွားရေးဦးစီးဌာန၊ ရန်ကုန်၊ သာသနာသက္ကရာဇ် – ၂၅၅၁။ – RAHULA, WALPOLA: What the Buddha Taught: ကို ဇေယျာမောင်(ဦးကိုလေး) မြန်မာပြန် ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ၊ အဋ္ဌမအကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ။