ငွေတာရီ – ထိပ်ဆုံးသို့

ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။

တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်သေးသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

ငွေတာရီ

ဘဝ ခရီး လျှောက်လမ်း နေရတာ တောင်တက်ခရီး သွားနေသလိုပါပဲ။
လောကဒဏ်တွေကြားထဲ တက်လိုက် ဆင်းလိုက်နဲ့။
အဓိက ကတော့ ခရီးရောက်ဖို့ပဲ။

တောင်တက်ခရီးသွားတာ တောင်ထိပ်ကို ကြည့်ပြီး အဝေးကြီးပဲ ဆိုပြီး အားလျော့နေစရာ မလိုပါဘူး။
တောင်ထိပ် ကြည့်တာက ကိုယ်သွားချင်တဲ့ ပန်းတိုင် (ဖြစ်ချင်တဲ့ ရည်မှန်းချက်) က သွေဖယ် မသွားဖို့။
တောင်တက်ရာမှာ ရှေ့ ၁၀လှမ်းလောက်ပဲ အာရုံစိုက်ပြီး တလှမ်းချင်း လှမ်းနေဖို့ပဲ။
မောပန်းလို့ နားရင် ကိုယ်စတက်ခဲ့တဲ့နေရာကို ပြန်ကြည့်ပြီး ကိုယ်အားထုတ်ခဲ့တာတွေ အတွက် ဂုဏ်ယူလိုက်ပါ။

တောင်တက်ခရီးသွားတယ် ဆိုတာ ထိပ်ဆုံးရောက်မှ အောင်မြင်တာ ပျော်ရမှာ မဟုတ်ပါဘူး။
သွားနေတဲ့ ခရီးတလျှောက်လုံး က ပျော်ရွှင်တက်ကြွစွာ လျှောက်လှမ်းနေဖို့ အရေးကြီးပါတယ်။
ဒါပေမယ့်လည်း တခါတလေ ကိုယ်၊ စိတ် ပင်ပန်းလာလို့ လက်လျော့ချင်တဲ့အခါမျိုးလည်း ရှိလာနိုင်ပါတယ်။
ဒီကဗျာလေးက ဆက်လျှောက်ဖို့ စိတ်ခွန်အား တစ်ခု ပေးတယ်။
ပင်ပန်းလာတဲ့အခါ တောတောင်ရှုခင်းတွေကြားမှာ အနားယူပြီး ရှေ့ဆက်ဖို့ အားအင်သစ်တွေ ဖြည့်လိုက်ပါ။

ထိပ်ရောက်လေလေ လူနည်းလာလေလေ ရှုခင်းပိုလှလာလေလေ တဲ့။
ထိပ်ဆုံး မှာ တွေ့ကြတာပေါ့။ See you at the Top!