ဝိုက်ချလား မောက်ချလား

မြန်မာ့အလင်း – အတွဲ (၅၃) အမှတ် (၃၅၈) – ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၈)ရက်ထုတ် သတင်းစာ မှ
ဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ ဝိုက်ချလား မောက်ချလား ဆောင်းပါး ကို ကူးယူဖော်ပြပါသည်။

တစ်နေ့ တွင် တူတော်မောင် က သူ့မိတ်ဆွေ တစ်ယောက် ကို ခေါ်လာသည်။ သူ့အရွယ် လူငယ် တစ်ယောက် ဖြစ်သည်။ ကျွန်တော် နှင့် မိတ်ဆက် ပေးပြီး

“သူ က ကွန်ပျူတာသုံး မြန်မာစာစနစ် ကို လေ့လာနေတာပါ။ မြန်မာ စာလုံးတွေ ရေးပုံနဲ့ ပတ်သက်ပြီး ဦးကို မေးချင်တာတွေရှိတယ် ပြောလို့ ခေါ်လာတာပါ ဦး”

ဟု ရှင်းပြသည်။

“ဝမ်းသာပါတယ်ကွယ်။ ကွန်ပျူတာသုံး မြန်မာစာစနစ် ကို အကောင်အထည်ဖော်နေတဲ့ လူငယ်တချို့နဲ့ မြန်မာစာ အရေးအသား စနစ်အကြောင်း ဆရာဆွေးနွေးဖူးပါတယ်။ မြန်မာအက္ခရာတွေ ရေးပုံသားပုံ တစ်ပြေးညီဖြစ်ဖို့ သူတို့ကြိုးစားနေတာ သိလိုက်ရတယ်။ အခု.. သားက ဘာများမေးချင်တာပါလိမ့်”

“ဟုတ်ကဲ့ဆရာ။ ကျွန်တော်လည်း ဆရာ ပြောသလို အက္ခရာရေးပုံတွေ ကို တော်တော်လေ့လာပြီးပါပြီ။ အခု ကျွန်တော့်စိတ်ထဲမှာ သိပ်မရှင်းသေးတာ က ရေးချ နှစ်မျိုး သုံးပုံ ပါ ဆရာ”

“သြော်…ဝိုက်ချ နဲ့ မောက်ချ သုံးပုံ ကို ပြောတာထင်တယ်”

“ဟုတ်ပါတယ် ဆရာ။ မြန်မာဗျည်းတွေထဲက ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ ဆိုတဲ့ ဗျည်းခြောက်လုံး ကို ရေးချရင် ဝိုက်ချမသုံးရဘူး၊ မောက်ချပဲ သုံးရတယ် ဆိုတဲ့ စည်းကမ်းချက်ကို ကျွန်တော် သိထားပါတယ်”

“အဲဒီဗျည်းတွေကို ဘာဖြစ်လို့ ဝိုက်ချနဲ့မရေးရတာလဲ သိမှာပေါ့နော်”

“သိပါတယ် ဆရာ။ အဲဒီဗျည်းတွေကို ဝိုက်ချနဲ့ရေးရင် တခြားဗျည်းတွေ နဲ့ ဆင်တူယိုးမှားဖြစ်နိုင်လို့ပါ။ ခ ကို ဝိုက်ချနဲ့ရေးရင် ဆ နဲ့မှားနိုင်ပါတယ်။ ဒီလိုပဲ၊ ဂ ကို ဝိုက်ချရင် က နဲ့တူပါတယ်။ င ကို ဝိုက်ချရင်လည်း က နဲ့တူတာပါပဲ။ ဒ ကို ဝိုက်ချရင် အ၊ ပ ကို ဝိုက်ချရင် ဟ၊ ဝ ကို ဝိုက်ချရင် တ နဲ့ မှားနိုင်ပါတယ်ဆရာ”

“ဟုတ်ပါပြီ။ အဲဒါက ဝိုက်ချနဲ့မရေးရတဲ့အကြောင်းရင်းပေါ့။ မောက်ချနဲ့ ရေးရင်တော့ တခြားစာလုံးတွေနဲ့ မမှားနိုင်ဘူးပေါ့ကွယ်။ ကဲ….မောက်ချ နဲ့ ရေးပြစမ်းပါ”

ကျွန်တော့်က စာရွက်တစ်ရွက်ပေးလိုက်သည်။ သူက ဤသို့ရေးပြပါသည်။

“ခါ၊ ဂါ၊ ငါ၊ ဒါ၊ ပါ၊ ဝါ ”

“ဟုတ်တာပေါ့။ မောက်ချ နဲ့ရေးတော့ ဝိုက်ချ လို မမှားနိုင်ဘူးပေါ့။ ဒါထက်… ဝိုက်ချ၊ မောက်ချ ဆိုတဲ့ အဓိပ္ပာယ်တွေရော သား သိတယ် မဟုတ်လား”

“သိပါတယ်ဆရာ။ ရေးချကိုရေးတဲ့အခါ ဝိုက်ဝိုက်ကလေးချလို့ ဝိုက်ချ၊ အပေါ်က မောက်မောက်ကလေးမိုးပြီးချလို့ မောက်ချ လို့ ခေါ်တာပါ”

“သားပြောပြတာ တော်တော်သရုပ်ပေါ်သွားပြီ။ ဒါဆိုရင် သား သိပ် မရှင်းသေးဘူးဆိုတာ ဘယ်အပိုင်းပါလိမ့်”

“အဲဒီဗျည်းခြောက်လုံးကို တစ်လုံးချင်းရေးရင် မောက်ချနဲ့ရေးရတာတော့ သိပါပြီ။ အဲဒီဗျည်းတွေကို ယပင့်တို့ ရရစ်တို့ ဝဆွဲတို့ တွဲနေရင်ကော ဝိုက်ချနဲ့ ရေးရမှာလား၊ မောက်ချနဲ့ရေးရမှာလားဆိုတာ စိတ်ထဲမှာ သိပ် မသဲကွဲဘူးဆရာ”

“ဟုတ်ပြီ။ သားပြောသလို ယပင့်၊ ရရစ်၊ ဝဆွဲတွေ တွဲနေတာကို ဗျည်းတွဲလို့ ခေါ်တာပေါ့။ ကဲ-နမူနာအနေနဲ့ ခ ဗျည်းကို အဲဒါတွေတွဲပြီး ရေးကြည့်စမ်းပါ။”

“ဟုတ်ကဲ့။ ခ ကို အဲဒါတွေတွဲရေးရင် ချ၊ ခြ၊ ခွဖြစ်လာပါတယ်”

သူက ပြောရင်း ရေးပြသည်။

“အဲဒီဗျည်းတွဲတွေကို ဝိုက်ချနဲ့ရေးရမလား မောက်ချနဲ့ရေးရမလားဆိုတာ စဉ်းစားခင် သားကို တစ်ခုမေးရဦးမယ်။ ဒီ့ပြင် ဗျည်းတွေကို ဝိုက်ချနဲ့ ရေးလျက်သားနဲ့ အဲဒီဗျည်းခြောက်လုံးကိုမှ မောက်ချနဲ့ရေးရတာ ဘာကြောင့်လဲ သား”

“ဒီ့ပြင် စာလုံးတွေနဲ့ ဆင်တူယိုးမှားဖြစ်မှာစိုးလို့ပါ ဆရာ”

“နောက်တစ်ခုမေးဦးမယ်။ အဲဒီဗျည်းခြောက်လုံးမဟုတ်တဲ့ ကျန်တဲ့ ဗျည်းတွေကိုကျတော့ ဘာဖြစ်လို့ မောက်ချနဲ့ မရေးတာလဲ”

“ဝိုက်ချနဲ့ရေးပေမယ့် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်တဲ့အတွက် မောက်ချနဲ့ ပြောင်းရေးစရာမလိုလို့ပါ ဆရာ။ ကျွန်တော် အဲဒီလိုထင်ပါတယ်”

“ဒီလိုဆိုရင် တခြားစာလုံးနဲ့ ဆင်တူယိုးမှားမဖြစ်ရင် ဝိုက်ချ နဲ့ရေးပြီး ဆင်တူယိုးမှား ဖြစ်မှ မောက်ချနဲ့ ပြောင်းရေးတယ် လို့ ဆိုရမှာပေါ့”

“ဟုတ်ပါတယ် ဆရာ”

“ကဲ – ခုနသားရေးထားတဲ့ “ချ၊ ခြ၊ ခွ” တွေကို ဝိုက်ချနဲ့ရေးရင် တခြား စာလုံးနဲ့ ဆင်တူယိုးမှားဖြစ်စရာရှိမလား”

“မရှိပါဘူးဆရာ။ ကျွန်တော်ရေးပြပါမယ်။ “ချာ၊ ခြာ၊ ခွာ” ဖြစ်သွားပါတယ်”

“ကဲ- ရှင်းသွားအောင် ကျန်တဲ့ဗျည်းငါးလုံးကိုလည်း ယပင့် ရရစ် ဝဆွဲတွေ တွဲပြီး ဝိုက်ချနဲ့ရေးကြည့်ပါဦး”

“ဟုတ်ကဲ့ပါ။ “ဂျာ၊ ဂြာ၊ ဂွာ၊ ငျာ၊ ငြာ၊ ငွာ၊ ဒျာ၊ ဒြာ၊ ဒွာ၊ ပျာ၊ ပြာ၊ ပွာ၊” ၀ ကိုတော့ အဲဒါတွေ တွဲလို့မရပါဘူး”

“ဟုတ်ပါပြီ။ သား အခုဝိုက်ချနဲ့ ရေးထားတဲ့ဗျည်းတွဲတွေဟာ တခြား စာလုံးတွေနဲ့ ဆင်တူယိုးမှားဖြစ်နိုင်သလား”

“အင်း…မဖြစ်နိုင်ပါဘူးဆရာ”

“ဒါဆိုရင် မောက်ချနဲ့ပြောင်းရေးစရာမလိုဘူးပေါ့”

“ဟုတ်ကဲ့။ ဒါတော့ရှင်းသွားပါပြီ။ အဲဒီဗျည်းတွေနဲ့ တခြားဗျည်းတွေ နှစ်လုံးဆင့်ရေးတာမျိုးလည်း ရှိပါတယ်။ အဲဒီစာလုံးဆင့်တွေကိုရော ဝိုက်ချနဲ့ပဲ ရေးရမယ် ထင်တယ်နော်”

“သားပြောတဲ့ စာလုံးဆင့်တွေ ရေးကြည့်လိုက်လေ”

“ဟုတ်ကဲ့။ ကျွန်တော်လေ့လာမိသလောက်တော့ အဲဒီဗျည်းခြောက်လုံးထဲက ဂ၊ ဒ၊ ပ ဗျည်းသုံးလုံးကို တခြားဗျည်းပေါ်ကဆင့်ပြီး ရေးပါတယ်။ ဒီလိုပါ။ “ဂ္ဂ၊ ဂ္ဃ၊ ဒ္ဒ၊ ဒ္ဓ၊ ပ္ပ၊ ပ္ဖ” ဟု ရေးပြသည်။”

“ဟုတ်ပြီ။ အဲဒီစာလုံးဆင့်တွေကို ဝိုက်ချနဲ့ တွဲရေးကြည့်လေ”

“ဟုတ်ကဲ့ ရေးပါပြီ။ ဂ္ဂာ၊ ဂ္ဃာ၊ ဒ္ဒာ၊ ဒ္ဓာ၊ ပ္ပာ၊ ပ္ဖာ -အဲဒီစာလုံးတွေ ဖြစ်လာပါတယ် ဆရာ”

“အဲဒီလို ဝိုက်ချနဲ့ရေးရင် တခြားစာလုံးနဲ့ ဆင်တူယိုးများဖြစ်စရာ ရှိသလား”

“မရှိပါဘူး ဆရာ”

“ဒါဆိုရင် စာလုံးဆင့်တွေကိုလည်း ဝိုက်ချနဲ့ပဲရေးရမယ်။ မောက်ချနဲ့ ပြောင်းရေးစရာမလိုဘူးပေါ့”

“ဟုတ်ကဲ့ပါ”

“ကဲ..ဒီလိုဆိုရင် အစအဆုံးပြန်ခြုံကြည့်ရအောင်။ ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ ဆိုတဲ့ ဗျည်းခြောက်လုံးကို တစ်လုံးချင်းရေးရင်တော့ မောက်ချနဲ့ ရေးရမယ်။ အဲဒီဗျည်းတွေကို ယပင့်၊ ရရစ်၊ ဝဆွဲတွဲတဲ့ ဗျည်းတွဲတွေ ဖြစ်နေရင်တော့ ဝိုက်ချနဲ့ပဲ ရေးရမယ်။အဲဒီစာလုံးတွေပါတဲ့ စာလုံးဆင့် တွေကိုလည်း ဝိုက်ချနဲ့ပဲရေးရမယ်ဆိုတဲ့ ဥပဒေသတွေ ထွက်လာတာ ပေါ့ကွယ်။ ပြီးတော့ ဝိုက်ချက ဗျည်းအများစုနဲ့ သုံးရတာမို့ မောက်ချထက် အရင်းခံကျတယ်လို့ ဆိုရမှာပေါ့”

“ရှင်းပါပြီဆရာ။ ဒီလိုဆိုရင် ဒီဥပဒေသဟာ ရေးချပါတဲ့ သဝေထိုး ရေးချ(ေ-ာ) နဲ့ သဝေထိုးရေးချရှေ့ထိုး(ေ-ါ်)ဆိုတဲ့ စာလုံးတွေနဲ့လည်း အကျုံးဝင်တာပေါ့နော်”

“ဒါပေါ့။ တစ်လုံးချင်းဆိုရင် “ဒါ၊ ဂါ၊ ငါ၊ ၊ ပါ၊ ဝါ”လိုပဲ “ခေါ၊ ဂေါ၊ ငေါ၊ ဒေါ၊ ပေါ၊ ဝေါ”ရော “ခေါ်၊ ဂေါ်၊ ငေါ်၊ ဒေါ်၊ ပေါ်၊ ဝေါ်” ရော မောက်ချနဲ့ ရေးပြီး ကျန်တဲ့ဗျည်းတွေကိုတော့ ဝိုက်ချနဲ့ပဲရေးရမယ်လို့ မှတ်နိုင်တာပေါ့”

“ကျွန်တော် မရှင်းတဲ့အချက်တွေထဲမှာ စာလုံးတချို့ရေးပုံပါပါတယ် ဆရာ”

“ဘာတွေပါလိမ့်”

“ဒီဥပဒေသအရ ဒ ပါတဲ့ဗျည်းတွေနဲ့ စာလုံးဆင့်ဆိုရင် ဝိုက်ချနဲ့ပဲ ရေးရမယ်မဟုတ်လား ဆရာ”

“ဟုတ်တယ်လေ”

“ဒါပေမယ့် ဒွါရတို့ သဒ္ဒါကျမ်းတို့ သဒ္ဓါတရားတို့ကို အခုလို မောက်ချ တွေနဲ့ ရေးတာရော၊ ပုံနှိပ်စာလုံးရော၊ ကွန်ပျူတာစာလုံးရော တွေ့နေရပါတယ် ဆရာ၊ တကယ်တော့ အဲဒီစာလုံးတွေ ကို ဝိုက်ချ နဲ့ ရေးရမှာပေါ့”

သူကပြောရင်း ရေးပြသည်။

“ဟုတ်ပါတယ်။ အဲဒီစာလုံးတွေကိုမောက်ချနဲ့ အစဉ်အဆက် ရေးလာကြတာဆိုတော့ မှန်တယ်ထင်ကြတာပေါ့။ တကယ်တော့ ဒွာရ သဒ္ဒာကျမ်း၊ သဒ္ဓာတရားလို့ ဝိုက်ချနဲ့ရေးမှ ဒီဥပဒေသနဲ့ ညီညွတ်မှာပါ။ ဆရာ သိသလောက်က မြန်မာစာအဖွဲ့ကလည်း အဲဒီလိုရေးတာကို လက်ခံ ပါတယ်”

“ကွန်ပျူတာသုံး မြန်မာစာအနေနဲ့ စနစ်တစ်ခုကို တစ်ပြေးညီသုံးဖို့ လိုအပ်ပါတယ်ဆရာ။ ဒီလိုဆိုရင် အဲဒီစာလုံးတွေ ရေးပုံကိုလည်း အသုံးတွင်အောင် ကြိုးစားရမှာပေါ့နော် ဆရာ”

“ဟုတ်ပါတယ်။ သတိထားပြီးရေးရင် ညီသွားမှာပါပဲ”

“နောက်တစ်ခုက မောက်ချနဲ့ ပြောင်းရေးစရာမလိုတဲ့ စာလုံးတွေကိုလည်း မောက်ချနဲ့မရေးမှ တစ်ပြေးညီဖြစ်မှာပါ ဆရာ”

“အင်- သတိထားမိသလောက် “ဓါး”တို့“ဖါး”တို့လို မောက်ချနဲ့ရေးတာမျိုးတွေရှိနေတယ်။ “ဓား၊ ဖား” လို့ရေးမှ တစ်ပြေးညီဖြစ်မှာပေါ့။ အသုံးတွင်လာအောင် ပြင်စရာရှိတာ ပြင်ရေးရမှာပေါ့ကွယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”။ ။