Again to Gain
ထပ်ခါတလဲလဲ ကြိုးစားခြင်း Again & Again ကနေ နောက်ဆုံးတော့ သူလိုချင်တာ ရရှိခြင်း Gain ရလဒ် ကို ပုံဖော်သွားတာလေးပါ။ ကြိုးစားရင်း ကြိုးစားရင်း နဲ့ A အေ အက္ခရာ က ပျောက်သွားပြီး Gain ရသွားမှာပါ။
Try Again & Again
If you want to succeed, try again and again.
အင်္ဂလိပ်ဆရာ ကံညွန့်မောင်
သင် အောင်မြင်ချင်တယ် ဆိုရင် ထပ်ခါတလဲလဲ ကြိုးစားပါ။
ဆရာ ကံညွန့်မောင်
ဆရာ သင်တန်း က ဆိပ်ကမ်းသာလမ်း ထဲမှာ ထင်တယ်။ အင်္ဂလိပ်စာ သင်တန်း သွားတက်တာ။ ဆရာ ခိုင်းတဲ့အကျင့် တခု က တပည့်တွေကို ၅ခေါက် ၁၀ခေါက် ပြန်ရေး ပြန်ရွတ်ခိုင်းတာ။ ကျနော် ထပ်ခါတလဲလဲ လုပ်ရတာမျိုး မကြိုက်ပါဘူး။ မကြိုက်လည်း ကိုယ်က တပည့် သူက ဆရာ ဆိုတော့ လိုက်လုပ်ရတာပဲ။
ဆရာ က English မဂ္ဂဇင်းတခု မှာ ဆယ်တန်းကျောင်းသား/သူတွေ အတွက် Essay & Letter တွေ ရေးတယ်။ ကျနော်တို့ကို မဂ္ဂဇင်း ရောင်းပြီး စာပိုဒ်တွေ ဖတ်ခိုင်း ရေးခိုင်းပေါ့။ ဆရာ့ အရေးအသားတွေက မြင်နေကျ တွေ့နေကျ မဟုတ်ဘူး။ စာသင်တာ ကျတော့ အဲ့လို စာအရေးအသားတွေ မပါဘဲ ရိုးရိုးရှင်းရှင်းကြီးတွေ ဆိုတော့ ဆရာ့ ရေးထာတာမှ ဟုတ်ရဲ့လားပေါ့။ ၈တန်း/၉တန်းလောက်က တတ်ဖြစ်ခဲ့ပေမယ့် ၁၀တန်းမှာ ဆရာ့ Essay & Letter အရေးအသားတွေ ကျနော် အကြိုက် ဖြစ်နေတုန်း၊ အလွတ်မှတ် လေ့ကျင့်ဖြစ်နေတုန်း။ တကယ်လည်း စာမေးပွဲ မှာ နိဒါန်း၊ နိဂုံး မှာ ထည့်ရေးဖြစ်ခဲ့တယ်။ စာကိုယ် အရေးအသား မကောင်းတော့ ၆၉မှတ် ရပေမယ့် ဂုဏ်ထူးတော့ မထွက်ခဲ့ပေ။ ကိုယ့် အင်္ဂလိပ်စာ အခြေအနေနဲ့ ကိုယ်လည်း မမှန်းထားဘူး။
ဆရာ့ ကြည့်လိုက်ရင် အင်္ဂလိပ် သတင်းစာ ဖတ်ရင်ဖတ်၊ မဖတ်ရင် အဲ့သတင်းစာ ဖြတ်ညှပ်ပြီး စာအုပ်မှာ ကော်နဲ့ ကပ်တာပဲ မြင်နေ တွေ့နေရတယ်။ တမျက်နှာ ဖြတ်ရင် နောက်ကပ်မျက်နှာ ပျက်တာမို့ သတင်းစာ ၂စောင် ဝယ်ပါတယ်။