App လုပ်ချင်တယ်

Note မှတ်စု
Sayar Ei Maung
Web Developer, Author, Lecturer
Managing Partner & Co-Founder at Fairway Technology
https://www.facebook.com/sayar.ei.maung
https://github.com/eimg
https://eimaung.com/

App

Grab လို App လုပ်ချင်တယ်၊ Food Panda လို App လုပ်ချင်တယ်၊ Netflix လို App လုပ်ချင်တယ်၊ Alibaba လို App လုပ်ချင်တယ်… ရနိုင်မလား၊ ဘယ်လောက်ကုန်ကျမလဲ။

မပြောတတ်ပါဘူးလို့ပဲ အလွယ်ဖြေရပါတယ်။

မပြောတတ်ဘူးဆိုတာထက် တိုတိုနဲ့လိုရင်း ပြောလို့မရနိုင်တာပါ။ အခြေအနေပေါ်မူတည်ပါတယ်။

သူတို့က ဒေါ်လာသန်းကိုမှ တစ်ချို့ဆို သန်းထောင်နဲ့ချီ တန်ကြတဲ့ လုပ်ငန်းကြီးတွေပါ။ ကိုယ်က အဲ့ဒီလို ဒေါ်လာသန်းချီ သုံးနိုင်မှ လုပ်နိုင်မှာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ Minimal Viable Product လေးနဲ့ စမယ်ဆိုရင် သင့်တင့်တဲ့ ရင်းနှီးမြှုပ်နှံမှုလောက်နဲ့လည်း ရကောင်းရနိုင်ပါတယ်။ နောက်မှ လုပ်ငန်းအောင်မြင်မှု အနေအထားအလိုက် အချိန်ပေးပြီးတော့ အဆင့်လိုက် တစ်ဆင့်ချင်း တိုးချဲ့ အဆင့်မြှင့်တင်သွားရမှာပါ။

ပြဿနာက လုပ်လို့ ရနိုင် မရနိုင် မဟုတ်ပါဘူး။ လုပ်ငန်းကျွမ်းကျင်မှု နဲ့ Expectation မှန်ဖို့ လိုနေတာပါ။ လုပ်လို့မရတာ ဘာမှ မရှိပါဘူး။

အဲ့ဒီလိုလေး လုပ်ချင်တယ် ရမလားလို့ ဆိုလာသူအများစုက (ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ) မျက်စိနဲ့မြင်ရတဲ့ အပေါ်ယံ App လေးပဲ ကြည့်ပြီး ဒီလောက်ကတော့ ငါတို့လုပ်ရင်လည်း ရနိုင်တာပဲ တွေးမိကြတဲ့သူ များပါတယ်။

မရနိုင်ဘူးလို့ ပြောလို့လည်း သိပ်ယုံမှာမဟုတ်သလို၊ ရှိသလောက် ဘတ်ဂျတ်နဲ့ ဖြစ်အောင် လုပ်ကြည့်ပြန်တော့လည်း ထားမိတဲ့ Expectation တွေ ဖြစ်မလာတဲ့အခါ ပြဿနာတွေ တက်ကြဖို့သာ များပါတယ်။ စကတည်းက လုပ်ငန်းသဘော သိထားပြီး ဖြစ်နိုင်လောက်တဲ့ Expectation အမှန်ကိုပဲ ထားနိုင်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Needs to build App

ဒါကြောင့် အကျဉ်းချုပ်လေး ဘာတွေလိုမလဲ ပြောပြကြည့်ပါမယ်။

Web, Android, iOS

၁။ App ဆိုတဲ့နေရာမှာ Web, Android, iOS App တွေလိုပါမယ်။ တစ်မျိုးပဲ အရင်ရွေးပြီးလုပ်မှာလား၊ သုံးမျိုးလုံး လုပ်မှာလား စဉ်းစားရပါမယ်။ လုပ်လိုက်ယုံနဲ့ မပြီးပါဘူး၊ တစ်မျိုးလုပ်ရင် တစ်မျိုးပဲ Maintain လုပ်ရမှာဖြစ်ပြီး သုံးမျိုးလုပ်ရင် သုံးမျိုးလုံး Maintain လုပ်ရမှာပါ။

တစ်မျိုးပဲ အရင်လုပ်ရင် မြန်မယ်၊ Maintenance Cost သက်သက်သာသာနဲ့ Run လို့ရမယ်၊ ဒါပေမယ့် စျေးကွက်ဝင်ရောက်မှုမှာ အကန့်အသတ် ရှိပါလိမ့်မယ်။ အကုန်တစ်ခါထဲ လုပ်မယ်ဆိုရင်တော့ ကုန်ကျစရိတ်က (၃) ဆ မဟုတ်ပါဘူး၊ (၉) ဆလောက် ကုန်ကျလိမ့်မယ်ဆိုတာကို မှန်းထားဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခုနဲ့တစ်ခုလည်း ချိတ်ဆက်ချိန်ညှိ လည်ပါတ်ရဦးမှာမို့လို့ အဲ့ဒီအတွက် စရိတ်ထပ်တက်မှာမို့လို့ပါ။

သက်သာအောင် Hybrid နည်းပညာတွေ သုံးမလားဆိုတာလည်း ရှိပါသေးတယ်။ သုံးတတ်ရင် အကြောင်းမဟုတ်ဘူး။ မသုံးသင့်တဲ့နေရာမှာ သုံးမိရင်၊ မသုံးတတ်ရင်၊ အရွေးမှားသွားရင်၊ ပြီးသွားတော့မှ တစ်ကယ်အလုပ်မဖြစ်လို့ အစကပြန်စရမယ့် Risk မျိုးကလည်း ရှိပါသေးတယ်။

ဒါက မျက်စိနဲ့ မြင်ရပါတယ်ဆိုတဲ့ အပေါ်ယံ App ကိစ္စပဲ ပြောရသေးတာပါ။

Back-end API

၂။ Back-end API အတွက် Authentication, Database နဲ့ တစ်ခြား Service တွေလိုပါမယ်။ တစ်ချို့ Software Service တွေ ကိုယ်တိုင်ဖန်တီးရမှာဖြစ်ပြီး တစ်ချို့ကို အခပေးပြီး လစဉ်ကြေး/နှစ်စဉ်ကြေးနဲ့ ဝယ်သုံးရမှာပါ။ အသုံးပြုသူ များရင်များသလို ကုန်ကျပါလိမ့်မယ်။

Infrastructure အတွက် Web Server, File Storage, Database Server, Load Balancer, Monitoring Service စသည်ဖြင့် Cloud PaaS Service တွေ ဝယ်ရပါမယ်။ ဝယ်လိုက်ယုံနဲ့ ပြီးမှာ မဟုတ်ပါဘူး။ ကိုယ်တိုင် Manage လုပ်စရာမလိုတဲ့ ကိစ္စတွေ ရှိသလို လိုမယ့်ကိစ္စတွေလည်း အများကြီးပါ။ Backup, Replication, Incident Resolution ဘာညာ လုံခြုံရေး ကျိုးပေါက်မှု၊ ဒေတာဆုံးရှုံးမှု အကာအကွယ်အစီအမံတွေ လိုအပ်ပါမယ်။

Payment Integration

၃။ Payment Integration အတွက် သက်ဆိုင်ရာ Bank, Provider တွေနဲ့ စကားတွေပြောရမယ်၊ အလုပ်တွေ လုပ်ရပါမယ်။ ဒါက Software ပြဿနာသက်သက် မဟုတ်တော့ပါဘူး။ လုပ်ငန်းပိုင်းကို ရောက်လာပါပြီ။ မြန်မာပြည်မှာဆိုရင် MPU လက်ခံမှာလား၊ Pay တွေနဲ့ ချိတ်မှာလား၊ Visa/MasterCard တို့ကို လက်ခံမှာလား၊ ပစ္စည်းရောက်ငွေချေလား၊ POS Terminal တွေ သုံးမှာလား၊ တစ်ခြား Payment Method တစ်ခုခုကိုသုံးမှာလား၊ စသည်ဖြင့်။

ဒါတွေက App လုပ်ဖို့ အပ်လိုက်ရင် အကုန်ပြီးသွားမယ့်ကိစ္စတွေ မဟုတ်တော့ပါဘူး။ ကိုယ်တိုင်ပါဝင်ပြီး လုပ်ရမယ့်အပိုင်းတွေ ဖြစ်သွားပါပြီ။

Admin

၄။ Administration အတွက် Admin Software သဘောမျိုး သီးခြားလိုပါမယ်။ ဒီတော့မှ အရောင်းအဝယ်၊ အတက်အကျ၊ အချက်အလက်တွေ Monitor လုပ်တာ, Report ထုတ်တာ, User Account တွေ Management လုပ်တာ, Data တွေ Stock တွေ Management လုပ်တာတွေ လုပ်လို့ရမှာပါ။

Security, Fraud, Abuse

၅။ Security, Fraud, Abuse တွေ ရှိလာရင် ဘယ်လိုရင်ဆိုင်မှာလည်း၊ ဘယ်လိုဖြေရှင်းမှာလည်း။ Payment ဘာညာ Dispute တွေ ရှိလာရင် ဘယ်လိုဖြေရှင်းမှာလည်း။ Management ဘက်က ဘာလုပ်မှာလည်း၊ နည်းပညာဘက်က ဘာတွေ လုပ်ပေးရမှာလည်း။ ဒါတွေက App ထွက်သွားယုံနဲ့ ပြီးသွားမယ့် ကိစ္စတွေ မဟုတ်တော့ပါဘူး။ 24/7 နောက်ကနေ ဆက်လုပ်ရမယ့်ကိစ္စတွေ ဖြစ်သွားပါပြီ။

Maintenance

၆။ Maintenance လည်းလိုပါမယ်။ အမှားတစ်ချို့ Bug တစ်ချို့ရှိလာတယ်၊ တစ်ချို့အဆင်မပြေတာလေးတွေ ရှိလာလို့ လိုအပ်သလို ပြုပြင်ချင်တယ်။ ထပ်တိုးချင်တာလေးတွေ ရှိလာတယ်။ နှေးနေတာလေးတစ်ချို့ ပိုမြန်သွားစေချင်တယ်။ ဆက်တိုက် ဆက်တိုက် နောက်ကနေ အမြဲလိုက်လုပ်နေရမယ့် ကိစ္စတွေပါ။ Dedicated Development Team လိုလာပါပြီ။ Third-party Service အပ်လိုက်လို့ ပြီးမယ့်ကိစ္စတွေ မဟုတ်တော့ပါဘူး။

Customer Support

၇။ Customer Support လည်း လိုပါတယ်။ ဘယ်လောက်ပဲ လွယ်အောင်လုပ်ထားထား User ဆိုတာ ထင်မထားတဲ့ နည်းဆန်းကြီးတွေနဲ့ သုံးတတ်ကြသူတွေပါ။ ဘယ်လိုမှ ဖြစ်နိုင်တယ်လို့ မထင်ရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် တက်လာပါလိမ့်မယ်။ ဒိုင်ခံဖြေရှင်းနိုင်ဖို့ လိုပါတယ်။

Others

ပရောဂျက်ပလန် ချတာမျိုး မဟုတ်ဘဲ ရုတ်တရက် ခေါင်းထဲပေါ်တာ ချရေးလိုက်တာပါ။ တစ်ကယ်တော့ ပရောဂျက် အမျိုးအစားပေါ်မူတည်ပြီး လိုအပ်တာတွေ အများကြီး ကျန်ပါလိမ့်ဦးမယ်။ လုပ်ငန်းပိုင်းဖြစ်တဲ့ Logistic, Marketing, Customer Acquisition, Legal, HR တွေလည်း ကျန်ပါလိမ့်ဦးမယ်။ App လေးအပ်လိုက်ယုံနဲ့ အဲ့ဒါတွေ ပါလာမှာ မဟုတ်ပါဘူး။

ဒါလောက်တော့ သိကြပြီးသားဆိုပေမယ့် တမင်ထည့်ပြောရတာက၊ Business Side ကို ပိုအလေးထားဖို့ ပြောချင်တာပါ။ နည်းပညာ Side ကအဲ့ဒီ Business Side နဲ့ ယှဉ်ကြည့်လိုက်ရင် ပါးပါးလေးပါ။ Grab လိုဆိုရင် ကားသမားတွေ ကားပိုင်ရှင်တွေနဲ့ ဆက်ဆံစီမံရမယ်၊ Netflix လိုဆိုရင် Producer တွေ အနုပညာရှင်တွေနဲ့ ဆက်ဆံစီမံရမယ်။ တစ်ကယ်ခက်တာက အဲ့ဒါတွေပါ။ App ကမခက်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ လုပ်ဖို့စဉ်းစားကြသူတွေက App လေးလုပ်လိုက်ရင် အကုန်ပြီးသွားမယ် ထင်တတ်ကြလို့ ရှင်းအောင် ပြောပြတာပါ။

ဟာ.. ဒါဆိုရင် လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလား။

အဲ့ဒီလိုလည်း မဟုတ်ပါဘူး။ အများအားဖြင့် မျက်မြင်ကြည့်ပြီး လွယ်မယ်ထင်နေကြတာ များတယ်လို့ ပြောတာပါ။ Columbus ရဲ့ ကြက်ဥလို ဖြစ်နေတာပါ။

ဘာပဲပြောပြော အကြမ်းဖျဉ်း ဘာတွေ လိုနိုင်မလဲဆိုတာ သိထားပြီး Expectation တွေ မှန်သွားပြီဆိုရင်တော့ လုပ်လို့ရဖို့ နီးစပ်နေပါပြီ။ တစ်ကယ်တော့ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး Business Side ကသာ ပြည့်စုံနေရင် နည်းပညာ Side က အစအဆုံး လုပ်စရာမလိုဘဲ အသင့်ယူသုံးလိုက်လို့ ရနိုင်တဲ့ Service တွေလည်း ရှိနေတာပါပဲ။ အဲ့ဒီ Service တွေနဲ့ ကိုယ့်လိုအပ်ချက် လုံလောက်သလား၊ အထက်မှာပြောခဲ့သလို ကိုယ်တိုင် အဆင့်အားလုံးကို လိုက်စီမံဖို့လိုသလာဆိုတာကတော့ Project Nature ပေါ်မူတည်သွားပါပြီ။

ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။

ဘယ် ပညာရပ်/အလုပ် မဆို တိမ် မလိုနဲ့ နက် ပါတယ်။

မင်းကျွမ်းတဲ့ အလုပ် ကို ဘယ်တော့မှ အလကား လုပ်မပေးနဲ့
If you’re good at something, never do it for free!

ကိုယ် ရဲ့ Professional Career အသက်မွေးဝမ်းကြောင်းအလုပ် ကို ကိုယ့်ဘာသာကိုယ် တန်ဖိုးထားတာ အပြင် အခြားသူပါ တန်ဖိုးထားတတ်အောင် လုပ်လိုက်တာပါပဲ။ အချို့သူတွေက အလကား ဆိုရင် တန်ဖိုးထား ကောင်းရကောင်းမှန်း မသိကြဘူး။ အဲ့လိုလူတွေအတွက်ဆို ပိုတောင် အလကား လုပ်မပေးနဲ့။