
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
အလှူတကာ့ အလှူထဲတွင် တရားအလှူသည် အသာဆုံး အမြတ်ဆုံးဖြစ်သည်။
ဒါန အားလုံးမှာ ဓမ္မဒါန သည် အမြတ်ဆုံး။
ဘာကြောင့် မြတ်သလဲ ?
ပေးသူ နှင့် ယူသူမှာ အကျိုးတွေ အတိုင်းအဆမရှိလောက်အောင် များပြားလို့ မြတ်တယ်လို့ပြောရတာ။ အကျိုးအမြတ် ရှိတာကို ကြည့်ပြီး ဆုံးဖြတ်တာ။
ဥပမာ- သင်္ကန်းတစ်စုံ လှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက မဟောင်းခင် ၊ မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့၊ ဟုတ်ရဲ့ လား၊ ဆွမ်းလှူလိုက်မယ်ဆိုရင်လည်း ပဲ တစ်ရက်စာပဲရမှာပေါ့။ ဆွမ်းရဲ့ အကျိုးပြုမှုကလည်း ဒီလောက်ပဲရှိမယ်၊ သင်္ကန်းရဲ့ အကျိုးပြုမှုကလည်း ဒီလောက်ပဲရှိတယ်။ အဆောက်အဦး လှူလိုက်မယ် ဆိုရင်လည်း အဆောက်အဦးရဲ့ အကျိုးပြုမှုက ဒီလောက်ပဲရှိမယ် ။
ဓမ္မဒါနကြောင့် ဓမ္မကို ရသွားတဲ့အခါ အကျိုးပြုတာ ကျတော့ သံသရာ ဝဋ်က လွတ်သွားတယ်၊ အသိဉာဏ်တွေရသွားတယ်၊ နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့ ဘယ်က အကျိုးတွေများတုန်း၊ (ဓမ္မကိုလှူတာက များတယ်) ၊ ဒါ့ကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ပြောတာ နော်။
ဒါန ထဲမှာ ဘယ်ဒါနက အမြတ်ဆုံးပါလဲဘုရားလို့ နတ်တွေမေးလို့ မြတ်စွာဘုရားက အဖြေပေးလိုက်တာ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
“သဗ္ဗဒါနံ – ပေးတာတွေ အားလုံးကို ၊ ဘာပဲပေးပေး ၊ ပစ္စည်းတွေပဲ ပေးပေး တစ်ဦးတစ်ယောက်က နေပြီး လက်ဆောင်ပဲပေးပေး ၊ ပစ္စည်းတွေပဲ ပေးပေး ၊ ပေးချင်တာတွေပေး ၊ ပေးစရာ အားလုံးကို ၊
ဓမ္မဒါနံ – ဓမ္မကို ပေးလှူခြင်းကသာလျှင် ၊
ဇိနာတိ – အုပ်စိုးထားနိုင်တယ်” လို့ ဒီလိုဟောတာ ။
ဘာရှုထောင့်က ဟောတာတုန်းဆိုတော့ အကျိုးအမြတ်ရှုထောင့်က ဟောတာ။ တန်ဖိုးကို ဘယ်ကနေ ကြည့်ဖြတ်တုန်း ဆိုရင် အကျိုးအမြတ်ကနေ ကြည့်ဖြတ်တယ်။ အခုဟာက လက်ခံရရှိသူ မှာ ရလိုက်တဲ့ အကျိုးနှင့် ကြည့်ပြီး တန်ဖိုးဖြတ်တာတဲ့။ ပေးတဲ့လူနဲ့ တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်၊ လက်ခံ ရရှိတဲ့ ပုဂ္ဂိုလ်မှာ ခံစားရတဲ့အကျိုးကိုကြည့်ပြီး တန်ဖိုးဖြတ်လိုက်တယ် ဒီလိုမှတ်ရမယ်။
ပါချုပ်ဆရာတော် ဟောကြားအပ်သော ဓမ္မအလှူက အမြတ်ဆုံး တရားတော်
Reference
Myanmar Wikipedia | သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
ဗုဒ္ဓကျေးဇူးကျောင်း (မြဝတီမြို့၊ ကရင်ပြည်နယ်)| တရားအလှူက ဘာကြောင့် မြတ်သလဲ