
ပင်းတယ မီးအိမ်ရှင်
ဒေါက်တာ သန်းမင်းထွဋ် သည် ဆရာ တာဝန်ကျရာ ပင်းတယမြို့ ၏ ကျန်းမာရေး လူမှုရေး ပညာရေး ကို ရှေ့ဆောင် လမ်းပြ ခဲ့တယ်။ ရပ်ဖိရပ်ဖများ အလှူ အကူဖြင့် ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။ အများပြည်သူ ရဲ့ ယုံကြည် အားကိုးမှု ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ပင်းတယ မီးအိမ်ရှင် လို့ သုံးနှုန်း ကြတာ ဖြစ်ပါတယ်။
ဘဝလမ်းညွှန် စကား ၃ ခွန်း
၁။ ထမင်းပူ ကို မစားပါနဲ့။ ထမင်းအေး ကိုပဲ စားပါ။
၂။ အသီးကို စားမယ်ဆိုရင် ကြွေသီး ကိုပဲ စားပါ။ ဘယ်တော့မှ ခူးမစားပါနဲ့။
၃။ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ပြန်ရင် ခြေရာ ကျန်ခဲ့ပါစေ
Facebook | ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ဆီမှ ကူးယူ ဖော်ပြပါသည်။
မျိုးရိုးစဉ်ဆက် အမှာစကား
သမီး ဖူးဖူး။
ဒီနေ့ဟာ သမီးအသက် (၁၃)နှစ် ပြည့်တဲ့နေ့လေးနော်။
Happy Birthday ပါ သမီးရယ်။
သမီးကို ဖေဖေ မွေးနေ့ရောက်တိုင်း မွေးနေ့လက်ဆောင် စကားတွေ ရေးခဲ့တာလည်း ဒီနှစ်နဲ့ဆို သုံးနှစ် ပြည့်ခဲ့ပြီ သမီး။
ဒီနှစ်တော့ ဖေဖေတို့ မျိုးရိုးစဉ်ဆက် မှာကြားခဲ့တဲ့စကား သုံးခွန်းကို ဖေဖေက သမီးလေးကို ထပ်မှာပါရစေ။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြင်ရွာမှာ မွေးတဲ့သမီးဖိုးဖိုးရဲ့ အမေဒေါ်ကြင်ငွေက သမီးရဲ့ ဖိုးဖိုး ဦးယုံရှိန် တိုင်းပညာရေးမှူး ဖြစ်တော့ ဒီစကားသုံးခွန်းကို မှာခဲ့တယ်။ ဖိုးဖိုးဟာ ဒီစကားအတိုင်း တိတိကျကျလိုက်နာခဲ့တယ်။
နောက်တစ်ဖန် သမီးဖိုးဖိုးဦးယုံရှိန်က ဖေဖေ့ကို ဆရာဝန်ဖြစ်တော့ ဒီစကားသုံးခွန်းထပ်မှာပြန်တယ်။ ဖေဖေလည်း ခုထိ လိုက်နာကျင့်သုံးဆဲပဲ။
ဒီနှစ်တော့ သမီးကို ဖေဖေက သမီးဘ၀ လမ်းညွှန်အဖြစ် ဒီစကားသုံးခွန်းကို လက်ဆောင်ပေးပါရစေ။ အဲဒါတွေကတော့ –
(၁) ထမင်းအေး
သမီး ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ သမီး။
ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။ သမီးဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်သမီးရေ။
ထမင်းအေးဆိုတာကတော့ သမီးကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ သမီး။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ် သမီးရယ်။ စားတတ်အောင် ကြိုးစားပါနော်။
(၂) ကြွေသီး
အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ သမီး။ ဘယ်တော့မှ ခူးမစားပါနဲ့။
ကြွေသီးစားပါ ဆိုတာ သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့အသီးကို စားပါလို့ဆိုလိုတာပါ။ ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး သမီး။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် သမီး မစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။ သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှှုတွေ ပါနေရင် မစားရဘူးသမီး။ မစားကောင်းပါဘူး။
ခူးမစားပါနဲ့ဆိုတာ သမီးက ကူညီစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ သမီး။ သမီး သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာပဲ သမီးရဲ့။ သမီး ဘယ်တော့မှ ခူးမစားပါလေနဲ့။
(၃) ခြေရာ
တတိယစကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ် သမီး။ ဒီလိုပါပဲ၊ သမီးလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် သမီး ပြန်ရင် သမီး ခြေရာကျန်ခဲ့ပါစေ သမီးရယ်။ ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေလာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ် သမီး။
ဖေဖေ့ သမီးလည်း ဖေဖေတို့ မိသားစုရဲ့ စကားကြီးသုံးခွန်းကို တစ်သွေမတိမ်း လိုက်နာနိုင်ပါစေ သမီးရယ်။
ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ သမီး။
Facebook | ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ဆီမှ ကူးယူ ဖော်ပြပါသည်။