မနက်ခင်း တစ်ခုဝယ် ကျနော် သည် ရန်ကုန်ဆေးရုံကြီး သို့ ခွဲခန်းထဲတွင် ကျနော်တို့ ရောင်းချထားသည့် စက်ပစ္စည်း အတွက် ပံ့ပိုးပေးရန် ရောက်ရှိနေပါသည်။ အမေရိကန် ဦးနှောက် နှင့် အာရုံကြော ခွဲစိတ် အဖွဲ့ နှင့် ရန်ကုန် မှ ဦးနှောက် နှင့် အာရုံကြော ခွဲစိတ်အဖွဲ့ တို့ ပူးပေါင်း ခွဲစိတ်မှာ ဖြစ်တဲ့အတွက် ဖြစ်ပါသည်။
အဖွဲ့ ထဲမှ ခွဲခန်းအကူ အမျိုးသား ဖြစ်သူ တစ်ဦး နှင့် မိတ်ဆက်ရာမှာ ကျနော့် မြန်မာနာမည် မိတ်ဆက်အပြီးတွင် အင်္ဂလိပ်နာမည် ဖြစ်တဲ့ Benjamin လို့ လည်း ခေါ်နိုင်တဲ့ အကြောင်း ပြောလိုက်ပါသည်။ မြန်မာ နာမည် သည် သူတို့ အတွက် ခေါ်ရန် ခက်ခဲသလို မှတ်သားရန် လည်း ခက်ခဲသဖြင့် ကိုယ့်ကို ခေါ်ရလည်း လွယ်အောင် မှတ်လည်း မှတ်မိအောင် ပြောလိုက်ခြင်း ဖြစ်ပါသည်။
“အော် … ဟုတ်လား။ ငါ့ ခွေးလေး နာမည် ကလည်း Benjamin ပဲ” တဲ့။
နှစ်ယောက်တည်း စကားပြောနေသဖြင့် အခြားသူများ မကြားပါ။ မြန်မာ တစ်ယောက်ယောက်များ ရှိရင် ရယ်ချင် ရယ်ကြပါလိမ့်မည်။ ကျနော်ကတော့ အေးဆေးပါ။ ဘာလို့ လဲ ဆိုတော့ သူတို့ ယဉ်ကျေးမှု ကို နားလည်တယ် လို့ ပဲ ဆိုပါရစေ။
နိုင်ငံခြားသား တစ်ယောက် ကို မိသားစုဝင် ဘယ်လောက် ရှိသလဲ မေးလိုက်ရင် သူ မွေးထားတဲ့ ခွေး ရှိရင် မိသားစု အရေအတွက်ထဲ ထည့်ကို တွက်ပါတယ်။ အဲ့လောက် ကို ချစ်ကြပါတယ်။
သူကတော့ မြန်မာ့ အတွေး နားမလည်တော့ ပြောထွက်ပေမယ့် ကိုယ့်မှာတော့ ရယ်ရခက် ငိုရခက်။ သူ မသိတာကပဲ ကောင်းသည် ထင်၍ မရှင်းပြတော့။ ရှင်းပြလို့ ပြန်မေးမယ့် အဖြေ အတွက် ကိုယ့်မှာ အဆင်သင့် မရှိတာလည်း ပါမယ်။ ဒါမှမဟုတ် မြန်မာတွေ ကို အထင်သေးသွားမှာလည်း စိုးတာလည်း ပါမယ်။