ပထမဆုံးအကြိမ် Apple က Microsoft ကို ကျော်တက်ပြီး တန်ဖိုးအကြီးဆုံး နည်းပညာ ကုမ္ပဏီဖြစ်သွားတော့ Steve Jobs သက်ရှိထင်ရှား ရှိသေးတယ်။
သူက ဝန်ထမ်းအားလုံးကို အီးမေးလ်ပို့ ဂုဏ်ပြုရင်း သတိပေးစကားကို ဆိုခဲ့တယ်။ မှတ်မိသလောက် –
“တို့တွေ Microsoft ကို ကျော်တက်သွားတာ အားလုံးအသိပါ။ ဂုဏ်ယူပါတယ်။ ဒါပေမယ့် စတော့မားကတ်ဆိုတာ ဒီလိုပဲ၊ တက်လိုက် ကျလိုက် ရှိနေမှာပါ။ ဒါကိုခေါင်းထဲ ထည့်မနေသင့်ဘူး။ ဝေါ့ဒစ္စနေး ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းရှိတယ်။
You’re only as good as your next picture – တဲ့။
“နောက်ထပ် ဘာတွေကို မင်းတို့ ဆက်ဖန်တီးနိုင်မလဲ ဆိုတာကသာ ပိုအရေးကြီးပါတယ်။ အဲ့ဒါကိုသာ အာရုံပြုထားကြပါ။”
အောင်သွားပြီ၊ ပြီးသွားပြီဆိုပြီး ရပ်တန့်နေလို့ မရတဲ့ သဘောနဲ့ လူတွေရဲ့အသိအမှတ်ပြုမှု သဘောကို ပူးတွဲ သတိပေးသွားတာပါ။
ရပ်တန့်နေရင် ကျန်ခဲ့မှာဖြစ်သလို၊ နောက်ထပ်ပြုလုပ်တဲ့ ဖန်တီးမှု မကောင်းခဲ့ရင် အရင်ရရှိထားတာတွေလည်း သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် လိုချင်တာရခဲ့ရင် ကောင်းပါတယ်။ ဒါပေမယ့် နောက်ဘာဆက်လုပ်မှာလဲ ဆိုတာကိုတော့ ပိုအာရုံပြုရမယ် ဆိုတဲ့သဘောပါ။
ဒီသဘောကြောင့်လဲ အရှိန်မရသေးသူဟာ ရဖို့ခက်သလောက်၊ အရှိန်ရပြီးသူဟာ ရပ်တန့်မရအောင် ဆက်တိုက် ဖြစ်ထွန်းကြတဲ့သဘော ရှိနေတာပါ။
ကိုယ်တိုင်ကတော့ ရှေ့နှစ်တွေထဲမှာ စိတ်ညစ်ရင် အလုပ်ပိုလုပ်ဆိုတဲ့ မူအတိုင်း၊ အကန့်အသတ်တွေ အခက်အခဲတွေ ကြားထဲမှာ လုပ်စရာရှိတာတွေ အားထည့်လုပ်ရင်း မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု စိုက်ထူနိုင်ခဲ့ပြီးနောက်၊ အခုတော့ ဘာမှထပ် မလုပ်ချင်လောက်အောင် ခြေကုန်လက်ပမ်း ကျနေတဲ့ ကာလတစ်ခုပါ။
ထပ်လုပ်ဖို့ ရည်ရွယ်ထားတာတွေ အများကြီး ရှိသေးပေမယ့် လုပ်ချင်စိတ် မရှိလို့ အသစ်အသစ်တွေ ဘာမှထပ်မလုပ်ဖြစ်ပါဘူး။ ဒါပေမယ့် အကြာကြီး ရပ်တန့်နေလို့တော့ မဖြစ်ဘူးလေ။ ဓာတ်စာဖြည့် အားမွေးရင်း မကြာခင်မှာ နောက်ထပ် မှတ်တိုင်သစ်တွေ စိုက်ထူနိုင်ဖို့ ပြန်လည် ကြိုးပမ်းသွားရမှာပါ။