စကားအရာ အင်္ဂါဆယ်ပါး
- စကားကို ပြောခွင့်ရှိမှ ပြောရခြင်း (ကာလဝါဒီ)
- ဟုတ်မှန်သည်ကိုသာ ပြောရခြင်း (ဘူတဝါဒီ)
- တရားသဖြင့်သာ ပြောရခြင်း (ဓမ္မဝါဒီ)
- အကျိုးစီးပွားရှိသည်ကိုသာ ပြောရခြင်း (အတ္တဝါဒီ)
- ချစ်ခင်ဖွယ်သော စကားကိုသာ ပြောရခြင်း (ပီယဝါဒီ)
- ပြုံးရွှင်မှု ရှေ့ထား၍ ပြောဆိုရခြင်း (မိဟိတပုဗ္ဗဘာဏီ)
- မတိုမရှည် ချင့်ချိန်၍ ပြောဆိုရခြင်း (မိတဘာဏီ)
- အစောတလျင် မပြောရခြင်း (အ-တုရိတဝါဒီ)
- ရပ်ကြီးသူတို့ အသုံးအနှုန်းကို ယူ၍ ပြောရခြင်း (ပေါရီ)
- သန့်ရှင်းတိကျ ပြတ်သားစွာ ပြောရခြင်း (ဝိဿဝါဒီ)
စကားကြီး ဆယ်မျိုး
‘ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်၊
ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊
တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊
ရေစစ်ကရား ရေသွားသည့်သွင်၊
ခက်တင်မောင်းနင်း၊
ဆိုခြင်း စကား ဤ ၁ဝပါး’
- ရေကူးညာတင်စကား – လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။
- ကောက်ပင်ရိတ်လှီးစကား – ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။
- ရေစီးဖေါင်ဆန်စကား – လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်းဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။
- အိုးတန်ဆန်ခတ်စကား – အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။
- ဆီပွတ်ကျည်ပွေ့စကား – ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။
- ဆင်ဝှေ့ရန်ရှောင်စကား – ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။
- တောင်သူယာခုတ်စကား – တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာမြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။
- ကြက်ဆုတ် ခွပ်ပစ်စကား – ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။
- ရေစစ်ပမာစကား – ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။
- ခက်တင် မောင်းနင်းစကား – မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်း။
စကား ခြောက်ခွန်း

- မမှန်ကန်ဘူး၊ အကျိုးလည်း မရှိ၊
သူတစ်ပါး မနှစ်ခြိုက်သော စကား။ - မှန်ကန်မှု ရှိတယ်၊ အကျိုး မရှိ၊
သူတစ်ပါး မနှစ်ခြိုက်သော စကား။ - မမှန်ကန်ဘူး၊ အကျိုးလည်း မရှိ၊
သူတစ်ပါး နှစ်ခြိုက်မှု ရှိသော စကား။ - မှန်ကုန်မှု ရှိတယ်၊ သူတစ်ပါး နှစ်ခြိုက်မှု ရှိတယ်၊
အကျိုး မရှိသော စကား။ - မှန်ကန်မှု ရှိတယ်၊ အကျိုး လည်း ရှိတယ်၊
သူတစ်ပါး မနှစ်ခြိုက်သော စကား။ - မှန်ကန်မှု ရှိတယ်၊ အကျိုး လည်း ရှိတယ်၊
သူတစ်ပါး နှစ်ခြိုက်သော စကား။
ဗုဒ္ဓဘုရားရှင်က ခြောက်ခွန်းသောစကားကို ဟောကြားတော်မူခဲ့ပြီး ပြောရမယ့် နှစ်ခွန်းသောစကားကိုလည်း ခွဲထုတ်ပြခဲ့ပါတယ်။
ထို့ကြောင့် မြန်မာဆိုရိုးစကားမှာ “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်” ဟူ၍ ရှိခဲ့ပါတယ်။
မှန်/မမှန် x အကျိုး ရှိ/မရှိ x နှစ်ခြိုက် ရှိ/မရှိ
Variable (2) ခုစီ = 2x2x2 = 8ခု
မပါတဲ့ ၂ခု က မမှန် x အကျိုးရှိ x နှစ်ခြိုက် ရှိ/မရှိ တာ။
မြတ်စွာဘုရား ဟောထားတဲ့ စကား (၆) ခွန်း မှာ မပါဘူး ဆိုတော့ ကောက်ချက်ချလို့ ရတာက
မမှန်ကန်တဲ့ စကားတိုင်း ဟာ အကျိုး မရှိဘူး
မမှန်ကန်တဲ့ စကား မဆိုနဲ့။
မှန်ကန်တာပဲ ပြော။
အကျိုး မရှိသော စကား မဆိုနဲ့။
အကျိုး ရှိတာပဲ ပြော။
ကိုယ့်စကား ကို သူတစ်ပါး
နှစ်ခြိုက်လား/မနှစ်ခြိုက်ဘူးလား
က အရေး မကြီးဘူး။